ထားဝယ် စက်တင်ဘာ ၂၆
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသား/အမျိုးသမီးဘော်လီဘောပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၇ နာရီအချိန်က ထားဝယ်မြို့၊ တိုင်းအားကစားရုံ၌ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြိုင်ပွဲဝင်အားကစားသမားများက ကွင်းအတွင်းနေရာယူပြီးစစ်ရေးပြမှူးမှ ဦးဆောင်၍ ပြိုင်ပွဲဝင်အသင်းများက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌအား အလေးပြုပြီးတန်းအပ်သည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းမြတ်သူက ခရိုင်အခြေခံပညာကျောင်းပေါင်းစုံ ဘော်လီဘောပြိုင်ပွဲသည် ပညာ ရေးဝန်ကြီးဌာန ဗဟိုအဆင့် အခြေခံပညာကျောင်းသားအားကစား ပြိုင်ပွဲသို့သွားရောက်ယှဉ်ပြိုင်နိုင်ရန်နှင့် တိုင်းဒေသကြီးလက်ရွေးစင်များ ပိုမိုပေါ်ထွန်းလာရန်အတွက် ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်ကအားထားရ သောထူးချွန်ထက်မြတ်သည့် မျိုးဆက်သစ် လက်ရွေးစင်အားကစားမောင်မယ်များ ပေါ်ထွက်လာရေးကို မျှော်မှန်းပြီးကျင်းပ ဆောင်ရွက်ပေးသည့် အားကစားပွဲလည်းဖြစ်ကြောင်း၊ ပြိုင်ပွဲကနေအရည်အချင်းရှိသောဘော်လီဘော အားကစားသမားများကို စိစစ်ရွေးချယ်ပြီး ပြည်နယ်နှင့် တိုင်းပြိုင်ပွဲများကို စေလွှတ်ယှဉ်ပြိုင်သွားမှာဖြစ်ကြောင်း၊ အားကစားသမားများအနေဖြင့် ကိုယ်စီကျွမ်းကျင်မှု၊ မဆုတ်မနစ်သောဇွဲ၊ လုံ့လ၊ ဝိရိယအားမာန်တွေကို အရင်းပြုပြီး အနိုင်မခံအရှုံးမပေးအားကစားစိတ်ဓာတ် အပြည့်အဝနှင့်ယှဉ်ပြိုင်သွားကြရန်လိုအပ်ကြောင်းပြောကြားသည်။
ထို့နောက် ခရိုင်ပညာရေးမှူးဦးမျိုးလွင်က အားကစားပြိုင်ပွဲကျင်းပရခြင်းနှင့် ပတ်သက်၍ရှင်းလင်း ပြောကြားပြီးစစ်ရေးပြမှူး မှဦးဆောင်၍ ပြိုင်ပွဲဝင်အသင်းများက အားကစားသစ္စာအဓိဋ္ဌာန် (၄)ချက်ရွတ်ဆိုပြီး ကွင်းအတွင်းမှပြန်လည်ထွက်ခွာကာ ပထမပွဲစဉ်အဖြစ်အမျိုးသမီးထားဝယ်(က) အသင်းနှင့် ထားဝယ်(ခ)အသင်းတို့၏ယှဉ်ပြိုင်ကစားနေမှုကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အားကစားသမားနှင့်အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးခဲ့ကြသည်။
ထားဝယ်ခရိုင် အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသား/အမျိုးသမီးဘော်လီဘောပြိုင်ပွဲတွင် အမျိုးသား (၅)သင်းနှင့်အမျိုး သမီး(၅)သင်းတို့ကအုပ်စုများခွဲ၍ စက်တင်ဘာ(၂၈)ရက်နေ့အထိ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရသည်။
ငွေဇင်ယော်(ထားဝယ်)