စေတုတ္တရာမြို့မဈေးကြီး၌ ပလတ်စတစ်သုံးစွဲမှုလျော့ချရေး အသိပညာပေးလုပ်ငန်း ကွင်းဆင်းဆောင်ရွက်

စေတုတ္တရာ စက်တင်ဘာ ၂၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင်ထိခိုက်မှု လျော့နည်းသက်သာစေရန်နှင့် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် ရည်ရွယ်၍ ပလတ်စတစ်သုံးစွဲမှုလျော့ချရေး အသိပညာပေးခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၇ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင်များနှင့် ဝန်ထမ်းများက မြို့နယ်ရှိ မြို့မဈေးသို့ သွားရောက်ပြီး ဈေးရောင်း၊ ဈေးဝယ်ပြည်သူများကို ပလတ်စတစ်သုံးစွဲမှုလျော့ချရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ အသိပညာပေးလုပ်ငန်း ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင်များနှင့် ဝန်ထမ်းများက စေတုတ္တရာမြို့မဈေး အတွင်း/ အပြင်ရှိ ဈေးရောင်းဈေးဝယ်သူများနှင့် တွေ့ဆုံကာ ဈေးရောင်းချရာတွင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို ဆိုးကျိုးဖြစ်စေသည့် ပလတ်စတစ်ပစ္စည်းများကိုသုံးစွဲခြင်း မပြုရန်နှင့် ပလတ်စတစ်အစားထိုးပစ္စည်းများဖြစ်သည့် ငှက်ပျောဖက်၊ အင်ဖက်၊ စက္ကူတို့ဖြင့်သာ ထုပ်ပိုးရောင်းချသွားကြရန်၊ ပလတ်စတစ်ပစ္စည်းများ အလွန်အကျွံသုံးစွဲမှုကြောင့် သဘာဝပတ်ဝန်းကျင် ဂေဟစနစ်ထိခိုက်ပျက်စီးခြင်းနှင့် ကျန်းမာရေး ဘေးထွက်ဆိုးကျိုးများစွာ ဖြစ်စေနိုင်မှုအခြေအနေများကို အသိပညာပေးကွင်းဆင်းကာ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ဌာနဆိုင်ရာတာဝန်ရှိသူများအဖွဲ့က ဈေးရောင်း၊ ဈေးဝယ်သူများအား ပလတ်စတစ်ပစ္စည်းလျော့ချနိုင်ရေး အစားထိုးအသုံးပြုနိုင်ရန် အခြားထုတ်ပိုးလွယ်သော အင်ဖက်၊ စက္ကူတို့ကို အခမဲ့ဖြန့်ဝေဆောင်ရွက်ပေးခဲ့ကြပြီး ဈေးပတ်ဝန်းကျင် သန့်ရှင်းသာယာရေး အလေးထားဆောင်ရွက်ရန် ဈေးတာဝန်ခံနှင့် ဈေးသူ၊ ဈေးသားများကို မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

ဝင်းအိမွန်(ပြန်/ဆက်)