ကံမ စက်တင်ဘာ ၂၆
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (လူထုအခြေပြုဗဟိုဌာန)၌ ယနေ့ နေ့လယ် (၃) နာရီက စာပေချစ်မြတ်နိုးသူများ အဖွဲ့နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းနှင့် စာပေဗဟုသုတရရှိစေရန်ရည်ရွယ်၍ စာရေးဆရာမ ခင်စောတင့်၏ “စိတ်ကို လှပအောင်ပြုပြင်နည်း” စာအုပ်အား စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်နှင်းယုအေးက စာဖတ်ဝိုင်းဆွေးနွေးရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင် ဒေါ်အေးသန္တာဝင်းက စာဖတ်ဝိုင်း ဆွေးနွေးခြင်းကြောင့် တစ်ဦးနှင့်တစ်ဦး စာပေမှရရှိသော သုတရသဗဟုသုတ များပြန်လည်မျှဝေခြင်းဖြင့် စာပေ၏ အနှစ်သာရများရရှိကြောင်းနှင့် စာရေးဆရာမ ခင်စောတင့်၏ “စိတ်ကို လှပအောင်ပြုပြင်နည်း” စာအုပ်မှ “အတွေးများက အမှန်တရားများ မဟုတ်ပါ” ခေါင်းစဉ်အားလည်းကောင်း၊ ဒေါ်အေးအးမွန်က “သင့်ကိုယ်သင်ဖွံ့ဖြိုးတိုးတက်ရန် သင့်ကိုယ်သင်သိပါ”၊ ဒေါ်ခင်မာမျိုးက “သင်၏ ဦးခေါင်းကို အသိသတိတွေနှင့် ပြည့်နေပါစေ” အစရှိသည့် ခေါင်းစဉ်များအား ဦးဆောင်ဆွေးနွေးပြောကြားကြရာ တက်ရောက်လာသော စာပေချစ်မြတ်နိုးသူများအဖွဲ့မှ မိမိတို့အတွေး အမြင်များအား အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကျော်ဇေယျဝင်း(ကံမ)