သရက် စက်တင်ဘာ ၂၆
မကွေးတိုင်းဒေသကြီး သရက်မြို့၌ အောက်တိုဘာလ(၁)ရက်နေ့တွင် ကျရောက်မည့် (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲကို ယမန်နေ့ နံနက် (၁၀)နာရီက ခရိုင်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပရာ ခရိုင်ရဲတပ်ဖွဲ့မှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူး ဝင်းနိုင်က “ရဲတပ်ဖွဲ့ဝင်များအနေဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ရည်မှန်းချက် တာဝန်(၄)ရပ်၏ စတုတ္ထပိုဒ်တွင်ပါဝင်သည့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရေး ဆိုတဲ့တာဝန်အား လိုက်နာသည့်အပြင် သင့်သွေးတစ်စက်ဖြင့် အသက်ကယ်ပါ ဟူသော ဆောင်ပုဒ် နှင့်အညီ သွေးလှူဒါန်းပေးကြသည့်အတွက် များစွာဂုဏ်ယူမိပါကြောင်း လူတစ်ယောက်၏ အသက်ရှင်ရပ်တည်နိုင်ရန်အတွက် သွေးသည် မရှိမဖြစ်လိုအပ်ပြီး သွေးလှူခြင်းသည် လူ့အသက်များအား ကယ်တင်နိုင်ပြီး လိုအပ်သည့်သွေးအား သွေးလှူရှင်များ၊ သွေးလှူရှင်အသင်း ဖွဲ့စည်းပြီး သွေးများကို နည်းပညာများဖြင့် ထိန်းသိမ်းကာ ဆောင်ရွက်လျက်ရှိကြောင်း လိုအပ်သည့်သွေးများလျော့နည်းခဲ့လျှင် သွေးအစားထိုး ဖြည့်ဆည်းပေးရပြီး အကယ်၍ အချိန်မီ သွေးမရနိုင်ပါက အသက်ဆုံးရှုံးနိုင်သည်အထိ အသက်အန္တရာယ်များပါကြောင်း” ပြောကြားပေးခဲ့သည်။
ဆက်လက်၍ ခရိုင်နှင့်မြို့နယ်မှ မြို့မစခန်းမှူးနှင့်အတူ ရဲတပ်ဖွဲ့ဝင်(၁၂)ဦးမှ သွေးလှူဒါန်းမှုအား ခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် ခရိုင်ဆရာဝန်ကြီးတို့က လိုက်လံကြည့်ရှုအားပေးခဲ့ပြီး အာဟာရဖြည့်စွက်စာများ အသီးသီး ပေးဝေခဲ့ကြကြောင်း သိရသည်။
သရက်ခရိုင်(ပြန်/ဆက်)