ရွှေဘို အောက်တိုဘာ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ယင်းမာကျေးရွာတွင် အာရှဖွံ့ဖြိုးရေးဘဏ်(ADB) ၏ အထောက်အပံ့ဖြင့် စိုက်ဧက(၃၅၀)ကျော် အ ကျိုးပြုမည့် ကုန်ထုတ်လမ်း ဖော်ထုတ်ဆောင်ရွက်နေမှုကို ယနေ့နံနက် ၁၀ နာရီက ရွှေဘိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာနက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရာသီဥနှင့်လိုက်လျော ညီထွေဖြစ်စေမည့် စိုက်ပျိုးထုတ်လုပ်မှုစီးပွားရေး ကွင်းဆက်ဆိုင်ရာ စီမံကိန်းမှ ယင်းမာကျေးရွာကုန်ထုတ်လမ်းကို အာရှဖွံ့ဖြိုးရေးဘဏ်(ADB)၏ အထောက်အပံ့ ကျပ်(၃၀၄) သိန်းကျော်ဖြင့် တင်ဒါအောင်မြင်သော ရဲမာန်ကုမ္ပဏီက ဆောင်ရွက်ခဲ့ခြင်းဖြစ် ကြောင်း၊ ကုန်ထုတ်လမ်း အရှည် ၄၆၀၀ ပေ၊ အကျယ် ၁၅ ပေကို ကျောက်ရောမြေ တင်ခြင်းနှင့ ်၎င်းအပေါ် အရှည်(၄၆၀၀)ပေ၊ အကျယ် (၁၂)ပေ၊ ထု (၉)လက်မ ဂျင်းလမ်းခင်းခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါ ကုန်ထုတ်လမ်း မြေသား(၁)ပေထု တင်ခြင်း ဆောင်ရွက် နေမှုလုပ်ငန်းများကို ရွှေဘိုခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမြင့်နှင့် တာဝန်ရှိသူများက လမ်းအရည်အသွေး ပြည့်မီရေး၊ သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးရေးနှင့် ရေရှည် အသုံးပြုနိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ကုမ္ပဏီ တာဝန်ရှိသူများနှင့် တွေ့ဆုံပြောကြားခဲ့ကြောင်းသိရှိရသည်။
အဆိုပါ ကုန်ထုတ်လမ်းသည် ယခင်က မြေစီးမြေသားလမ်းဖြစ်ပြီး မိုးရာသီ၌ နွားလှည်းများပင် သွားလာဖို့ အလွန်ခက်ခဲကြောင်းနှင့် ကုန်ထုတ် လမ်းပြီးစီးသွားပါက စိုက်ဧက(၃၅၀)ကျော် ရာသီမရွေး လယ်ယာသုံးစက်ကြီးများ ဝင်ထွက်နိုင်ပြီး ထုတ်ကုန်များလည်း အချိန်မီ ပို့ဆောင်နိုင် တော့မည် ဖြစ်ကြောင်း ရွှေဘိုမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်ခမ်းအိအိဖြူ ထံမှသိရသည်။
ထွန်းမြင့်အောင် (ရွှေဘို)