မြို့သစ် စက်တင်ဘာ ၂၆
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ယမန်နေ့ ညနေပိုင်းက ဆည်၏အထက်ပိုင်း၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယနေ့တွင် ဆဒ္ဒန်ဆည်ရေလှောင်တမံရေပိုလွှဲမှ (တစ် ဒသမ ရှစ်ပေခန့်) ဆက်လက်ရေကျော်ကျလျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
ဆဒ္ဒန်ဆည်ရေလှောင်တမံ၏ ရေပြည့်အမှတ်သည် (၅၆၀ ဒသမ ၅၀)ပေဖြစ်ပြီး လက်ရှိရေမှတ်မှာ (၅၆၂ ဒသမ ၃၀) ပေရှိသည့်အတွက် (တစ် ဒသမ ရှစ်ပေခန့်)ရေပိုလွှဲမှ ဆက်လက်ရေကျော်ကျလျက်ရှိကြောင်း၊ ဆဒ္ဒန်ဆည်ရေလှောင်တမံရေပိုလွှဲမှ ရေကျော်ကျမှုရှိသော်လည်း ဆည်၏ ဆက်စပ်အဆောက်အအုံများ ကြံ့ခိုင်ကောင်းမွန်သည့်အတွက် စိုးရိမ်စရာအခြေအနေမရှိကြောင်းနှင့် ဆည်အခြေအနေနှင့်ပတ်သက်၍ ဝန်ထမ်းများအား အလှည့်ကျ ရေကင်းတာဝန်ချထား၍ ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် အချိန်နှင့်တစ်ပြေးညီ နှိုးဆော်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးအောင်ဇော်ထက်ထံက သိရသည်။
ဝင်းအိဇွန် (ပြန်/ဆက်)