ပွင့်ဖြူမြို့နယ် ဘုရားကုန်းကျေးရွာတွင် ဒေသခံပြည်သူများ သွားလာရေးအဆင်ပြေစေရန် ကျေးရွာတွင်း ကွန်ကရစ်လမ်း အဆင့်မြှင့်တင်ခြင်း ဆောင်ရွက်

ပွင့်ဖြူ စက်တင်ဘာ ၂၆

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃ -၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် (VDP)စီမံကိန်းရန်ပုံငွေဖြင့် ပွင့်ဖြူမြို့နယ် ဘုရားကုန်းကျေးရွာရှိ ဒေသခံပြည်သူများ ရာသီမရွေး အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် ကျေးရွာတွင်းမြေသားလမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ပွင့်ဖြူမြို့နယ် ဘုရားကုန်းကျေးရွာ၌ ကျေးရွာတွင်း ကွန်ကရစ်လမ်းအဆင့်မြှင့်တင် ဆောင်ရွက်ခြင်းကို ၂၀၂၃ -၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း(VDP)စီမံကိန်းရန်ပုံငွေကျပ် သိန်း(၁၅၀)နှင့် ကျေးရွာပြည်သူ ထည့်ဝင်ငွေကျပ် ၄၉ သိန်း၊ စုစုပေါင်း ငွေကျပ် ၁၉၉ သိန်းဖြင့် ကျေးရွာတွင်းလမ်းအရှည်ပေ ၈၄၀ အား လမ်းအကျယ် ၁၂ ပေ၊ လမ်းအမြင့်ထု ၆ လက်မ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ခြင်းဖြစ်ကာ ယင်း ကွန်ကရစ်လမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ကျေးရွာစီမံကိန်းလုပ်ငန်းကြီးကြပ်မှုကော်မတီ၏ ဦးဆောင်မှုဖြင့် စက်တင်ဘာ ၂၃ ရက် နေ့ကစပြီး ကျေးရွာနေပြည်သူများကိုယ်တိုင် တာဝန်ယူဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။ ယခုလက်ရှိတွင် ၃၁ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်းနှင့် အချိန်မီပြီးစီးရေးနှင့် လုပ်ငန်းအရည်အသွေး ပြည့်မီစေရေးအတွက် လိုအပ်သည်နည်းပညာများကို ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကြီးကြပ်ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်၌ ယခု ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ သွားလာရေးအဆင်ပြေစေရန်နှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးရေးတိုးတက်စေရေးအတွက် ရည်ရွယ်၍ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း(VDP)စီမံကိန်းရန်ပုံငွေဖြင့် ကျေးရွာတွင်းလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ခြင်းကို ပွင့်ဖြူမြို့နယ် ဘုရားကုန်းကျေးရွာ၊ မကြီးကုန်းကျေးရွာ၊ ကြီးကန်ကျေးရွာ၊ မင်းစံကျေးရွာ၊ မင်းမြေ(၂)ကျေးရွာ၊ မကြီးစုကျေးရွာ၊ ဘူးသည်ကျေးရွာ၊ စုစုပေါင်း ကျေးရွာ (၇)ရွာတွင် ကျေးရွာတစ်ရွာလျှင် စီမံကိန်းရန်ပုံငွေကျပ် သိန်း(၁၅၀)စီ ထောက်ပံ့၍ ကျေးရွာများမှ ပြည်သူလူထုထည့်ဝင်ငွေတို့ဖြင့် ကျေးရွာတွင်း မြေနီကျောက်စရစ်လမ်းခင်းခြင်းလုပ်ငန်း (၃)ခု ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း (၄)ခု၊ စုစုပေါင်း ကျေးရွာတွင်းလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်း (၇)ခုကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က ပြောပြ၍ သိရသည်။   

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )