နတ်မောက် စက်တင်ဘာ၂၆
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်တွင် မိုးစပါး ၂၄၈၆၀ဧက စိုက်ပျိုးပြီးစီး၍ လျာထားဧကထက် ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ပြီး စိုက်ပျိုးပြီးစပါးများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
နတ်မောက်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ခုနှစ် မိုးစပါးစိုက်ပျိုးရန် လျာထားဧက ၂၄၆၀၇ဧက လျာထားခဲ့သော်လည်း လက်ရှိမြေပြင်တွင် ၂၄၈၆၀ဧက စိုက်ပျိုးနိုင်ခဲ့ပြီး လျာထားဧကထက် ကျော်လွန်စိုက်ပျိုးနိုင်ခဲ့သည်။
မိုးစပါးများစိုက်ပျိုးရာတွင် စပါးမျိုးများဖြစ်သည့် မနောသုခ၊ စင်းသုခ၊ ဧရာမင်း၊ ယာ-၂၊ ရတနာတိုး စပါးမျိုးများအပြင် ဆာဖိုးသာ၊ GW-11၊ ရွှေအာဆီယံစပါးများကို အထွက်နှုန်းကောင်းမွန်ရေး၊ မျိုးကောင်းမျိုးသန့်ရရှိရေးအတွက် စံကွက်များ၊ စမ်းသပ်ကွက်များ စိုက်ပျိုးထားရှိပြီး တောင်သူများ မိုးစပါးစိုက်ပျိုးရာသီတွင် သီးနှံများ အောင်မြင်ဖြစ်ထွန်းရေးအတွက် လိုအပ်သော စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ၊ သွင်းအားစုပစ္စည်းများ၊ သီးနှံမျိုးစေ့များ ကူညီထောက်ပံ့ပေးခြင်း ဆောင်ရွက်လျက်ရှိပြီး ပိုးမွှားရောဂါများ ကျရောက်မှုမရှိစေရေး ကြိုတင်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများကိုလည်း သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
အဆိုပါမိုးစပါးများကို နတ်မောက်မြို့နယ်တွင် ဇူလိုင်လဆန်းပိုင်းမှာ စတင်စိုက်ပျိုးပြီး နိူဝင်ဘာလ နောက်ဆုံးပါတ်တွင် စတင်ရိတ်သိမ်းမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ချို့ထံက သိရသည်။
မူမူစန်း