ပွင့်ဖြူ စက်တင်ဘာ ၂၆
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျင်းပပြုလုပ်သည့် ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲကို စက်တင်ဘာ ၂၁ ရက်နေ့မှ ၂၅ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပြီး ပွင့်ဖြူမြို့နယ် အမျိုးသမီးအသင်းမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပထမဆု ဆွတ်ခူးရရှိခဲ့ကြောင်း အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပွင့်ဖြူမြို့နယ်အားကစားမှူး ဦးရန်လင်းအောင်ထံက သိရသည်။
အဆိုပါ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အမျိုးသား/ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲကို လူငယ်လူရွယ်များ အားကစားကို ပိုမိုစိတ်ဝင်စားလာပြီး တိုင်းဒေသကြီးကိုယ်စားပြု ထူးချွန်ထက်မြက်သော အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီစဉ်ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း သိရကာ ပြိုင်ပွဲတွင် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်းစုံမှ အသင်းလိုက် ခြင်းအားကစားသမားများက စက်တင်ဘာ ၂၁ ရက်နေ့မှ ၂၅ ရက်နေ့အထိ အကြိတ်အနယ် အားပါးတရ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ယင်း အားကစားပြိုင်ပွဲတွင် ပွင့်ဖြူမြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် အမျိုးသား၊ အမျိုးသမီး ခြင်းအားကစားဝါသနာရှင် အသင်း(၂)သင်းမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အမျိုးသမီးအသင်းက ပထမဆုနှင့် တစ်ဦးချင်းအားကစားသမား အကောင်းဆုံးဆုတို့ကို ဆွတ်ခူးရရှိခဲ့ကြောင်း အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပွင့်ဖြူမြို့နယ်အားကစားမှူး ဦးရန်လင်းအောင်က ပြောသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )