ဒေးဒရဲ စက်တင်ဘာ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့တွင် စားသုံးဆီများရောင်းချလျက်ရှိသော စျေးဆိုင်များအား သတ်မှတ်ရည်ညွှန်း စျေးနှုန်းဖြင့် ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နံနက် (၁၁) နာရီက ဌာနဆိုင်ရာများက မြို့ပေါ်ရပ်ကွက်များနှင့် မြို့မစျေးအတွင်းရှိ စားသုံးဆီ အရောင်းဆိုင်များအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါစစ်ဆေးခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီး ဌာနနှင့် မြို့နယ်စည်ပင်သာယာရေး အဖွဲ့တို့ ပါဝင်သော ပူးပေါင်းအဖွဲ့များက မြို့ပေါ်ရပ်ကွက် များနှင့် စျေးများရှိ စားသုံးဆီအရောင်းဆိုင်များတွင် စားအုန်းဆီများကို သတ်မှတ်ရည်ညွှန်း စျေးနှုန်းဖြင့်ရောင်းချရန်၊ အခြားစားသောက်ကုန်ပစ္စည်းများဖြင့် တွဲဖက်၍ ရောင်းချခြင်းမပြုရန်၊ ပါကင်ပိတ်ဖြင့် ရောင်းချသည့် မြေပဲဆီ၊ နေကြာဆီ၊ နှမ်းဆီနှင့် ဟင်းသီးဟင်းရွက်ဆီများတွင် FDA ထောက်ခံချက်ပါရှိသည့် ကုန်ပစ္စည်းများကို ရောင်းချရန်စသည့် လုပ်ငန်းများကို ဆွေးနွေးမှာကြား ခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်တွင်ကုန်စျေးနှုန်းတည်ငြိမ်ရေးနှင့် ပြည်သူများ စားသုံးဆီများ စျေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ဆီလုပ်ငန်းရှင်အသင်းက မြို့ပေါ်ရပ်ကွက်၊ စျေးများရှိ စားသုံးဆီ အရောင်း ဆိုင် (၆၂) ဆိုင်တွင် စားအုန်းဆီများကို ပြည်သူများအား သတ်မှတ်ရည်ညွှန်းစျေးဖြင့် ရောင်းချပေးလျက်ရှိကြောင်း မြို့နယ် စားသုံးသူရေးရာဦးစီးဌာနက သိရသည်။
အေဇာလင်း