ဒေးဒရဲ စက်တင်ဘာ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ တော်လှချောင်းဝကျေးရွာအုပ်စုအတွင်းရှိ နွေစပါးစိုက်ပျိုးလျက်ရှိသည့် တောင်သူများ စိုက်ပျိုးရေ လုံလောက်စွာရရှိရေးအတွက် တော်လှချောင်ဝကျေးရွာနှင့် ကင်မွန်းခြုံ ကျေးရွာကြားရှိ တော်ကမံ ချောင်းတွင် နွေစပါးမြောင်းတူးဖော်လျက်ရှိရာ ကျေးရွာများရှိ ပြည်သူများ စိုက်ပျိုးရေရရှိခြင်းကြောင့် စပါးနှင့် အခြားသီးနှံများ ပိုမို စိုက်ပျိုးထုတ်လုပ်လာမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ နွေစပါးမြောင်းကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေကျပ် (၂၂၆.၆၅၂)သန်းဖြင့် မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချစီမံခန့်ခွဲရေးဦးစီးဌာနက အနီးကပ်ကြီး ကြပ်မှုဖြင့် ဧရာမင်္ဂလာကုမ္ပဏီက အလျား (၃၆၅၀၀)ပေ၊ အနက် (၆) ပေရှိ နွေစပါးမြောင်းအား ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၂၀) ရက်နေ့မှ စတင်၍ စက်ယန္တရားများဖြင့် တူးဖော်လျက်ရှိပြီး စက်တင်ဘာလ (၃၁)ရက်နေ့တွင် ရာနှုန်းပြည့်ပြီးစီးမည်ဖြစ်ရာ ၎င်းဒေသရှိ နွေစပါးစိုက်ဧက (၁၆၈၀)ဧကနှင့် အခြားသီးနှံများ စိုက်ပျိုးနိုင်မည်ဖြစ်ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် ကျေးရွာနေပြည်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး နှင့် စိုက်ပျိုးရေရရှိရေးအတွက် အုတ်ကျင်းရိုး အလျား (၅၀၀၀) ပေ၊ ကော်လှဲရိုး အလျား (၆၆၀၀)ပေနှင့် ကင်မွန်းကုန်းရိုး အလျား (၁၂၅၀၀)ပေအား နွေစပါး မြောင်းများအဖြစ် ဆက်လက်တူးဖော်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အေဇာလင်း