မုံရွာ စက်တင်ဘာ ၂၅
စစ်ကိုင်းတိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကော်မတီ၏ ဒုတိယ အကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ မုံရွာခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် က ၂၀၂၃ ခုနှစ်၊ ဩဂုတ်လအထိ မိမိတို့တိုင်းဒေသကြီးတွင် မှတ်ပုံတင်ထားရှိသည့် မော်တော်ယာဉ်စီးရေ စုစုပေါင်းမှာ (၄၉၅၅၀၆)စီးရှိခဲ့ပြီး ယင်းတို့တွင် မော်တော်ဆိုင်ကယ် (၄၄၉၀၀၉)စီး ဖြစ်သဖြင့် မော်တော်ဆိုင်ကယ်စီးရေ ပါဝင်မှုမှာ (၉၁)ရာခိုင်နှုန်း ရှိနေတာကို တွေ့ရှိရမှာဖြစ်ပါကြောင်း၊ ၂၀၂၂ ခုနှစ်တွင် ယာဉ်တိုက်ခိုက်မှု (၁၂၁) မှုဖြစ်ပွားခဲ့ရာ တစ်နိုင်ငံလုံး အနေဖြင့် ယာဉ်တိုက်မှုဖြစ်ပွားနှုန်း အဆင့်(၁၄)တွင်ရှိခဲ့၍ ယာဉ် တိုက်ခိုက်မှုများတွင် မော်တော်ဆိုင်ကယ်ကြောင့်ဖြစ်ပွားသည့် နှုန်းသည် (၃၃.၈၈) ရာခိုင်နှုန်း ရှိပါကြောင်း၊ ယာဉ်တိုက်ခိုက်မှုဆိုသည်မှာ ကြိုတင်မျှော်မှန်းလို့ မရနိုင်သလို လုံးဝမဖြစ်ပွားရ အောင် တားဆီးလို့မရဘဲ လူတစ်ချင်းစီမှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို လိုက်နာ ကျင့်သုံးမှသာ ယာဉ်အန္တရာယ်လျော့ပါး ကင်းဝေးမည်ဖြစ်ပါကြောင်း၊ ယာဉ်တိုက်ခိုက်မှုဖြစ်စဉ် များတွင် လူ့ပယောဂကြောင့် ဖြစ်ပွားရသည့် ယာဉ်တိုက်ခိုက်မှုသည်(၉၄) ရာခိုင်နှုန်းခန့်ပါဝင်ပြီး ပတ်ဝန်းကျင်အနေအထား၊ လမ်းတည်ဆောက်ပုံ လမ်းဒီဇိုင်း၊ လမ်းအဆင့်အတန်းများသည် လည်း ကဏ္ဍတစ်ခုအနေဖြင့် ဆက်စပ်ပါဝင်နေ၍ လမ်းများအား စတင်တည်ဆောက်ချိန်မှစ၍ Road Safety အတွက် ထည့်သွင်းစဉ်းစားပြီး စနစ်တကျဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ယာဉ်တိုက်ခိုက်မှု၊ ယာဉ်မတော်တဆမှုဖြစ်ပွားသည့်အခါတွင် အရေးပေါ်ပြုစု စောင့်ရှောက်ရန် လိုအပ်နေသည့် ထိခိုက်ဒဏ်ရာ ရရှိသူများအား အရေးပေါ်ကုသရန်နှင့် ကူညီစောင့်ရှောက်ရန်အတွက် Post Crash on the Spot အနေဖြင့် ကျန်းမာရေး ပြုစုစောင့်ရှောက် မှုများ ထိရောက်မြန်ဆန်မှုရှိစေရေးအတွက်လည်း အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ပြည်သူတစ်ဦးချင်းစီ၏ Road Safety ဆိုင်ရာ သိမြင်နားလည်မှု၊ ယာဉ်များ၏ ကြံ့ခိုင်မှု၊ လမ်းများ၏ လုံခြုံစိတ်ချရမှု၊ ယာဉ်မောင်းသူများအပါအဝင် လမ်းအသုံးပြုသူအားလုံး၏ စည်းကမ်းလိုက်နာမှုများနှင့် အဘက်ဘက်မှ ဟန်ချက်ညီညီပါဝင်လာမှသာ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ရည်မှန်းချက်များ ပြည့်ဝအောင်မြင်နိုင်မှာဖြစ်ပါ ကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး အောင်မြင့်နိုင်တို့က တိုင်းဒေသကြီး အတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။
ထို့နောက် တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ကော်မတီအတွင်းရေးမှူး၊ တိုင်းဒေသကြီး ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ တိုင်းဒေသကြီး ဦးစီးမှူးနှင့် တွဲဖက်အတွင်းရေးမှူး ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးတို့က ယာဉ်မှတ်ပုံတင် ထားရှိမှု၊ ယာဉ်မောင်းလိုင်စင်များ ထုတ်ပေးထားရှိမှု၊ ယာဉ်တိုက်မှု၊ ဖမ်းဆီးအရေးယူမှုနှင့် ပညာပေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား Power Point ဖြင့် ရှင်းလင်းဆွေးနွေးတင်ပြကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကော်မတီ အဖွဲ့ဝင်များက ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအတွက် မိမိတို့ဌာနများအလိုက် ပူးပေါင်းဆောင်ရွက်သွားမည့် လုပ်ငန်းအခြေအနေများနှင့် ပတ်သက်၍ အသီးသီး ရှင်းလင်းတင်ပြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရေဦးခရိုင်၊ ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် မိမိတို့ခရိုင်/မြို့နယ်များအတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ အသီးသီးရှင်းလင်း တင်ပြကြကာ မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ခရိုင်အတွင်း ယာဉ်အန္တရာယ်၊ လမ်း အန္တရာယ်ကင်းရှင်းရေး လုပ်ငန်းများ ဆောင်ရွက်နေများအား ရှင်းလင်းတင်ပြသည်။
ထို့နောက် တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်း အဝေးသို့ တက်ရောက်လာသူများ၏ အသီးသီးအကြံပြု ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)