ဘိုကလေး စက်တင်ဘာ ၂၅
ဝါလကင်းလွတ် သီတင်းကျွတ်အချိန်ကာလ၌ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် စည်ကားသိုက်မြိုက်စွာ အစဉ်အလာမပျက်ဘဲ နှစ်စဉ်တာဝတိံသာ ဘုရားဆင်းပွဲတော်ကို ကျင်းပခဲ့သည့် ဘိုကလေးမြို့နယ်၊ တာဝတိံသာစေတီတော် မြတ်ကြီးသည် ၁၉၇၃ ခုနှစ်တွင် လည်းကောင်း၊ စောင်းတန်းတော် ကြီးကို ၁၉၈၂ ခုနှစ်တွင်လည်းကောင်း တည်ထားကိုးကွယ်ခဲ့ရာ နှစ်ကာလ ကြာမြင့်ခြင်း၊ ရာသီဥတုဒဏ်ခံရခြင်း၊ စေတီတော်တည်စဉ် ကာလ၌ နည်းပညာ အားနည်းခြင်းတို့ကြောင့် ၂၀၂၂ ခုနှစ် ဧပြီ(၂၉)ရက်နေ့ နံနက်(၂:၃၀) အချိန်၌ စောင်းတန်းတော်ကြီး၏ အထက်ပိုင်း ပေ(၆၀)ခန့် ပြိုကျပျက်စီးခဲ့ပြီး စေတီတော်မြတ်ကြီး အား ပြန်လည်တည်ထား ကိုးကွယ်နိုင်ရေးအတွက် သာသနာ့အနွယ်ဝင် ဒါယကာ၊ ဒါယိကာမများမှ စုပေါင်းထည့်ဝင် လှူဒါန်းမှုမှာ ယခုအချိန်တွင် ကျပ်သိန်းပေါင်း (၃၀၀၀)ကျော် ရရှိခဲ့ပြီဖြစ်သည်။
စေတီတော်မြတ်ကြီး တည်ထားကိုးကွယ်နိုင်ရေးအတွက် သာသနာ့အနွယ်ဝင် သူတော်စဉ်များ၏ ကုသိုလ်တော် ပြုလှူဒါန်းမှုများကို စေတီတော်မြတ်ကြီး တည်ထားကိုးကွယ်ထားသည့် ရန်ပြေမာန်ပြေ အောင်စကြာ စေတီတော်ဝန်းအတွင်းတွင် ၂၀၂၂ ခုနှစ် ဇွန်(၂၃)ရက်နေ့၌ ပထမအကြိမ် အလှူငွေပေးအပ်ပွဲအား ကျင်းပခဲ့ပြီး အလှူတော်ငွေ (၅၀၅)သိန်းအားလည်းကောင်း၊ ဒုတိယ အကြိမ် အလှူငွေပေးအပ်ပွဲအဖြစ် ဩဂုတ်(၂၁)ရက်နေ့၌ ကျင်းပရာ လှူဒါန်းငွေ ကျပ်သိန်းပေါင်း (၂၁၄)သိန်းအားလည်းကောင်း၊ တတိယအကြိမ်အဖြစ် အလှူငွေပေးအပ်ပွဲအား အောက်တိုဘာ(၂၃)ရက်နေ့က ကျင်းပရာ အလှူတော်ငွေ ကျပ်သိန်း (၂၈၁)သိန်း ကျော်အား လည်းကောင်း၊ စတုတ္ထအကြိမ်အဖြစ် ယခုနှစ် ဇန်နဝါရီ(၅)ရက်နေ့က အလှူငွေပေးအပ်ရာ ကျပ်သိန်းပေါင်း (၆၆၃)သိန်း အားလည်းကောင်း၊ မတ်လ(၅)ရက်နေ့တွင် ကျင်းပခဲ့သော ပဥ္စမအကြိမ် အလှူငွေပေးအပ်ပွဲတွင် (၁၇၃)သိန်းကျော်အား လည်းကောင်း၊ ဇွန်လ(၃)ရက်နေ့တွင် ကျင်းပခဲ့သော ဆဌမအကြိမ် အလှူငွေပေးအပ်ပွဲ တွင် ငွေကျပ် (၁၆၆)သိန်းကျော်အား လည်းကောင်း၊ ယခုလ စက်တင်ဘာ (၂၄)ရက်နေ့တွင် ကျင်းပသော သတ္တမ အကြိမ်မြောက် အလှူငွေပေးအပ်ပွဲတွင် ကျပ်သိန်း ပေါင်း (၁၁၀၀) ကျော်ရရှိခဲ့သဖြင့် ယခုအချိန်တွင် စုစုပေါင်း လှူဒါန်းငွေကျပ်သိန်းပေါင်း (၃၀၀၀) ကျော် ရရှိခဲ့ပြီဖြစ်ကြောင်း သိရ သည်။
အလှူငွေပေးအပ်မှုများအတွက် ကုသိုလ်တော်ပြုလှူဒါန်းမှုများကို အလှူငွေပေးအပ်ပွဲကျင်းပသည့် အခါတိုင်း၌ အနုမောဓနာ တရားနာကြား၍ ရေစက်သွန်းချအမျှဝေခဲ့ကြကြောင်းနှင့် ယခုအချိန်တွင် စေတီတော်ပြန်လည် တည်ထားကိုးကွယ်နိုင်ရေးအတွက် စေတီတော်ဟောင်းအားဖြိုချ ဖျက်သိမ်းခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)