ဇီးကုန်း စက်တင်ဘာ ၂၅
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မွေးမြူရေးလုပ်ကိုင်သူများအား မွေးမြူရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ပြီး အခြေခံမွေးမြူရေးနည်းစနစ်များ မှန်ကန်စွာဖြန့်ဝေပေးရန်ရည်ရွယ်၍ အခြေခံမွေးမြူရေးသင်တန်းကို ယနေ့နံနက် ၉ နာရီခွဲက ဇီးကုန်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံး၌ ဖွင့်လှစ်သင်ကြားခဲ့သည်။
အဆိုပါသင်တန်းသို့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဒေသခံမွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများ၊ အခြေခံကျန်းမာရေးလုပ်သားများနှင့် မွေးမြူရေးခြံပိုင်ရှင်များတက်ရောက်ခဲ့ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးပြည့်ဖြိုးအောင်က အဖွင့်အမှာစကားပြောကြားပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဇော်မင်းဦးက သင်တန်းဖွင့်လှစ်ခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ သင်ထောက်ကူပစ္စည်းများပေးအပ်ရာ သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးက လက်ခံရယူခဲ့ပြီး သင်တန်းအား ဆက်လက်ပို့ချခဲ့သည်။
အဆိုပါသင်တန်း၌ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးက ကျွဲ၊ နွား၊ ဝက်၊ ဆိတ်နှင့် ဒေသကြက်မွေးမြူရေးနှင့်ပတ်သက်သော နည်းစနစ်များ၊ တိရိစ္ဆာန်များတွင် ဖြစ်ပွားကျရောက်တတ်သောရောဂါများနှင့် ကာကွယ်ကုသမှုများ၊ မှန်ကန်သောအစာအာဟာရ ကျွေးမွေးမှုများနှင့် ဇီဝလုံခြုံမှုအချက်များကို ၂၅ -၂၆ ရက် ဖွင့်လှစ်ပို့ချပေးမည်ဖြစ်ကြောင်းနှင့် မြို့နယ်အတွင်းရှိဒေသခံ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများနှင့် မွေးမြူရေးခြံပိုင်ရှင်များ စုစုပေါင်း(၂၁)ဦးတက်ရောက်ခဲ့ကြောင်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။
တင့်ဆွေ(ပြန်/ဆက်)