ချောက် စက်တင်ဘာ ၂၅
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၌ ဆေးရုံသန့်ရှင်းသာယာလှပရေးနှင့် သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဌာနဆိုင်ရာများ စုပေါင်း၍ သန့်ရှင်းရေးပြုလုပ်ခြင်းကို စက်တင်ဘာလ (၂၃) ရက်နေ့ နံနက် (၇) နာရီအချိန်က အမှတ် (၉) ရပ်ကွက်၊ စျေးရပ်၊ ချောက်ရေနံဆေးရုံ၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာ၌ ဆေးရုံအတွင်းနှင့် အပြင်တွင်ခြင်များခိုအောင်းနိုင်သော မြက်ပင်ခြုံနွယ်များရှင်းလင်းခြင်း၊ အဆောက်အဦးအမိုးနှင့် ငြိနေသည့် သစ်ကိုင်းများရှင်းလင်းခြင်း၊ လျှပ်စစ်မီးကြိုးလိုင်းနှင့် မလွတ်သည့် သစ်ကိုင်းများ ရှင်းလင်းခြင်များ ဆောင်ရွက်ခဲ့ကြပြီး ခြုံနွယ်အမှိုက်သစ်ကိုင်းများကို မြို့နယ်စည်ပင် သာယာရေးအဖွဲ့ အမှိုက်သယ်ယာဥ်ဖြင့် စနစ်တကျသယ်ယူစွန့်ပစ်ခဲ့ကြသည်။
ထိုသို့ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ချောက်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဌေးကျော်၊ကြီးကြပ်မှုဖြင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူး ဦးမန်းအောင်၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ထွေအုပ်ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ချောက်လမ်းရွာရေနံမြေဝန်ထမ်းများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ စုစုပေါင်းအင်အား (၁၆၈) ဦးဖြင့် ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်သူများအား ချောက်ရေနံ ဆေးရုံဆရာဝန်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများက မုန့်များပေးဝေခဲ့သည်။ အလားတူ စလေမြို့တွင်လည်း စလေမြို့ အုပ်ချုပ်ရေးမှူး ဦးသော်သန့်ဇင် ဦးဆောင်၍ ဌာနဆိုင်ရာများစုပေါင်း၍ မြို့အဝင်သက်တော်ရှည်ဘုရားနှင့် မြို့အဝင် လမ်းဘေးဝဲ/ယာတို့၌ မြို့သန့်ရှင်း သာယာလှပရေးအတွက် အင်အား (၅၀) ဦးဖြင့် သန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)