စလင်းမြို့နယ်တွင် ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်း သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး စတင်ထည့်သွင်းထိုးနှံခြင်း အသိပေး ညှိနှိုင်း ဆွေးနွေးပွဲကျင်းပ

စလင်း အောက်တိုဘာ ၁၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် အမျိုးသမီးငယ်လေးများ အား သားအိမ်ခေါင်း ကင်ဆာရောဂါ (HPV) ကာကွယ်ဆေး ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းအစီအစဉ် ထည့်သွင်းခြင်း မြို့နယ်အဆင့်အသိပညာပေးဆွေးနွေးပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီခွဲအချိန်က စလင်းမြို့နယ်အထွေထွေ အုပ်ချုပ်ရေးရုံး စည်သူ ခန်းမဆောင်၌ကျင်းပသည်။

ရှေးဦးစွာ အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟိန်းဆက်မှ ကျန်းမာရေး ဆိုင်ရာ ကိစ္စရပ်များနှင့် သားအိမ်ခေါင်းကင်ဆာသည် (Human Papillo Mavirus) အိတ်ချ်ပီဗီ ဗိုင်းရပ်စ်ပိုးကြောင့် လိင်ဆက်ဆံခြင်းအရေပြားခြင်းထိတွေ့ခြင်းမှ ကူးစက်တတ်သောရောဂါ တစ်မျိုးဖြစ်ပြီး ကူးစက်ခံရသူအများစုမှာ ရောဂါလက္ခဏာမပြဘဲ ရှိနေတတ်ခြင်းကြောင့် မည်သူမဆို အချိန်မရွေးကူးစက်ခံရနိုင်ပြီး အိတ်ချ်ပီဗီ ဗိုင်းရပ်စ်ပိုး ကြောင့် သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်နိုင်ရန် အသက် ၁၅ နှစ်အရွယ်မတိုင်မီ မိန်းကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါ (HPV) ကာကွယ်ဆေး ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်း အစီစဉ်ထည့်သွင်းဆောင်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်လျက်ရှိသော ပြည်သူ့ ကျန်းမာရေးဝန်ထမ်းများအား ဂုဏ်ပြုချီးကျူး စကား များပြောကြားကာ ကာကွယ်ဆေးထိုးလုပ်ငန်းများတွင် သက်ဆိုင်ရာဌာနများ၊ ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ လူမှုအသင်းအဖွဲ့များနှင့်ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းပြောကြား ဆွေးနွေးသည်။

ထိုနောက် မြို့နယ် ပြည်သူ့ကျန်းမာရေးဉီးစီးဌာနမှူး ဒေါက်တာတင့်ဆွေမှ အမျိုးသမီး ငယ်လေးများအား သားအိမ်ခေါင်း ကင်ဆာ ရောဂါ(HPV)ကာကွယ်ဆေး ထိုးနှံပေးရခြင်းနှင့် ပတ်သည့် ရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားသည်။

အဆိုပါ ဆွေးနွေးပွဲအခမ်းအနားကို မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျေးလက် ကျန်းမာရေးဝန်ထမ်းများနှင့် လူမှုရေးအဖွဲ့စည်းများ တက်ရောက်ခဲ့ကြပြီး သားအိမ်ခေါင်း ကင်ဆာရောဂါ(HPV)ကာကွယ်ဆေးကို အသက် ၉ နှစ်မှ ၁၀ နှစ်ကြား အမျိုးသမီးငယ်လေး များအား  အောက်တိုဘာလ ၂၀ ရက်နေ့နှင့် ၂၁ ရက်နေ့တို့တွင်စတင်ထိုးနှံသွားမည်ဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးရန်ကျန်ရှိသည့် အမျိုးသမီးငယ်များကိုလည်း ဆက်လက်ထိုးနှံသွားမည်ဖြစ်ကြောင်းသိရသည်။

မောင်လွင်(ပြန်/ဆက်)