ကံမမြို့နယ် ကျောက်စောင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ကျောက်စောင်း)၌ လူငယ်စကားဝိုင်း ကျင်းပ

ကံမ စက်တင်ဘာ ၂၃

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၊ ကျောက်စောင်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ကျောက်စောင်း) ၌  ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်လေးများ ဗလငါးတန် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍   ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့   ပူးပေါင်းစီစဉ်ကျင်းပသော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီက ကျင်းပပြုလုပ်ရာ  အထက်တန်း၊ အလယ်တန်း ကျောင်းသား ကျောင်းသူ (၃၀၆)ဦး တက်ရောက်ခဲ့ကြသည်။

အဆိုပါအခမ်းအနားတွင် ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်မိုးဟန်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်းဆင့်က လူငယ်စကားဝိုင်းကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် လူငယ်များအနေဖြင့် အသိဉာဏ်ပညာဗဟုသုတ ပိုမိုရရှိစေရန်၊ စကားပြောအတတ်ပညာ ကျွမ်းကျင်တတ်မြောက်ပြီး လူအများရှေ့တွင် ရဲဝံ့စွာစကားပြောဆိုတတ်စေရန်၊ လူငယ်အချင်းချင်းတစ်ဦးနှင့်တစ်ဦး အသိပညာများ ဖလှယ်ကြရာမှ အတွေ့အကြုံသစ်များ ရရှိစေရန်၊ လူငယ်အချင်းချင်း ရင်းနှီးချစ်ကြည်မှုများ တိုးပွားပြီး လုပ်ငန်းများဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်များရရှိစေရန်  စသည့်ရည်ရွယ်ချက်ကောင်းများဖြင့်  ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်နှင်းယုအေးက ဦးဆောင်ဆွေးနွေးသူအဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပြီး ကျောင်းသား ကျောင်းသူ (၅)ဦး တို့က “လူငယ်နှင့်ခေါင်းဆောင်မှု”၊  “လူငယ်နှင့်ဆိုရှယ်မီဒီယာ”၊ “လူငယ်နှင့်ယဉ်ကျေးမှု” စသည့် ခေါင်းစဉ်များဖြင့် အသီးသီး ပါဝင်ဆွေးနွေးခဲ့ကြသည်။ လူငယ်စကားဝိုင်းအပြီးတွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ခင်းကျင်း ပြသထားသော သုတ၊ ရသ စာအုပ်များနှင့်  အသိပညာပေး နံရံကပ်စာစောင်များအား   ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှု့လေ့လာခဲ့ကြကြောင်း သိရသည်။

ကျော်ဇေယျဝင်း(ကံမ)