ပွင့်ဖြူ စက်တင်ဘာ ၂၄
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် စိုက်ပျိုးရေးလုပ်ငန်းနှင့် တွဲဖက်၍ မိသားစုဝင်ငွေတိုးပွားရေးအတွက် တစ်ပိုင်တစ်နိုင် သိုး၊ ဆိတ် မွေးမြူရေးလုပ်ငန်းကိုလည်း မွေးမြူလုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ အောင်မြင်ဖြစ်ထွန်းမှုရှိပြီး ရောင်းချရာတွင်လည်း ဈေးကောင်းရရှိ၍ လုပ်ငန်းအဆင်ပြေလျက်ရှိနေကြကြောင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ တစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ငန်းလုပ်ကိုင်ကြသည့် ဒေသခံတောင်သူများထံက သိရသည်။
အဆိုပါ သိုး၊ ဆိတ် မွေးမြူရေးလုပ်ငန်းသည် လွှတ်ကျောင်းစနစ်ဖြင့် မွေးမြူနိုင်သည့်အတွက် အစာဖိုးကုန်ကျစရိတ် သက်သာပြီး မွေးမြူရာတွင် ခြံဝန်းများခတ်၍ စနစ်တကျ မွေးမြူနိုင်သဖြင့် မွေးမြူလုပ်ကိုင်ကြသူများ အဆင်ပြေလျက်ရှိသည်။ သိုး၊ ဆိတ်များသည် တစ်နှစ်လျှင် အနည်းဆုံး သားပေါက် နှစ်ကောင်နှုန်း ပေါက်ဖွားလေ့ရှိပြီး အကျိုးပေးပါက သားပေါက်လေးကောင်အထိ ပေါက်ဖွားလေ့ရှိကြောင်း သိရသည်။ ယခုလက်ရှိတွင် ကျွဲ၊ နွား၊ သိုး/ဆိတ်၊ ဝက် စသည့် တစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ငန်းသည် ဈေးကောင်းရရှိပြီး အရောင်းအဝယ်ကောင်းမွန်နေကာ မွေးမြူလုပ်ကိုင်ကြသူများအတွက် တစ်ဖက်တစ်လမ်းမှ မိသားစုအပိုဝင်ငွေရရှိသဖြင့် လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။ ထို့အပြင် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒေသတွင်းရှိ တစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်ကြသည့် ဒေသခံတောင်သူများကို စနစ်တကျ မွေးမြူလုပ်ကိုင်တတ်စေရန်နှင့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အခြေခံ တိရစ္ဆာန် မွေးမြူရေးဆိုင်သင်တန်းများ အခမဲ့ ဖွင့်လှစ်သင်ကြားပေးခြင်း၊ အခါအားလျော်စွာ တိရစ္ဆာန်အစာအိတ်များ ပံ့ပိုးကူညီပေးခြင်း၊ ရာသီအလိုက် ဖြစ်ပွားတတ်သော တိရစ္ဆာန်ကူးစက်ရောဂါကာ ကြိုတင်ကာကွယ်နိုင်ရန် မွေးမြူရေးခြံများအား ပိုးသတ်ဆေးများ ဖျန်းပေးခြင်း၊ ကာကွယ်ဆေးများ ထိုးနှံပေးခြင်း၊ တိရစ္ဆာန်အစာဖူလုံစေရန် အာဟာရဓာတ် ပြည့်ဝသော နေဗီယာမြက်စိုက်ပျိုးခြင်း တောင်သူပညာပေးသရုပ်ပြသခြင်းများကို ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
“ကျွန်တော်တို့ဒေသမှာ တောင်သူအများစုက စိုက်ပျိုးရေးလုပ်ငန်းနဲ့ တွဲဖက်ပြီး မိသားစုဝင်ငွေတိုးပွားရေးအတွက် တစ်ပိုင်တစ်နိုင် သိုး၊ ဆိတ် မွေးမြူရေးလုပ်ငန်းကို လုပ်ကိုင်ကြပါတယ်။ မွေးမြူရေးလုပ်ငန်းမှာ သိုး၊ ဆိတ် မွေးမြူရေးလုပ်ငန်းက လွှတ်ကျောင်းစနစ်နဲ့ မွေးမြူလုပ်ကိုင်နိုင်တဲ့အတွက် အစာဖိုးကုန်ကျစရိတ် သက်သာလို့ အဆင်ပြေတယ်။ သိုး၊ ဆိတ် မွေးမြူရေးလုပ်ငန်းက တစ်နှစ်ကို အနည်းဆုံး သားပေါက်ငယ် နှစ်သားနဲ့ တစ်ဗိုက် မွေးမြူလေ့ရှိပါတယ်။ အကျိုးပေးပါက သားပေါက် လေးကောင်အထိ ပေါက်ဖွားတယ်။ နောက်ပြီး မြို့နယ်မွေးမြူးရေးနှင့် ကုသရေးဦးစီးဌာနကလဲ ကျွန်တော်တို့ဒေသက တစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ငန်းလုပ်ကိုင်ကြတဲ့သူတွေကို အောင်မြင်ဖြစ်ထွန်းမှုရှိစေဖို့နဲ့ စနစ်တကျ မွေးမြူလုပ်ကိုင်တတ်စေဖို့အတွက် လိုအပ်တဲ့ အခြေခံတိရစ္ဆာန်မွေးမြူရေးဆိုင်ရာနည်းပညာတွေကို ပံ့ပိုးကူညီ ဆောင်ရွက်ပေးပါတယ်။ ယခုနှစ်မှာ သိုး/ဆိတ် မွေးမြူရေးလုပ်ငန်းက ဈေးကောင်းရရှိပြီး အရောင်းအဝယ်လဲကောင်းတော့ မိသားစုစားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းက ဝင်ငွေရရှိလို့ လုပ်ငန်းအဆင်ပြေပါတယ်”ဟု ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာမှ ဒေသခံတောင်သူတစ်ဦးက ပြောပြသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )