နတ်မောက် စက်တင်ဘာ ၂၅
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ သစ်လှကျင်းကျေးရွာအုပ်စု၊ ရွှေကွေ့ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေအား ယနေ့နံနက် ၈:၀၀ နာရီအချိန်က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးဦးစိုးလင်းထွဋ်နှင့် ကျေးရွာတာဝန်ခံဝန်ထမ်းများသည် ရွှေကွေ့ကျေးရွာ၊ မြစိမ်းရောင် ကျေးရွာစီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ အရောင်းအဝယ်လုပ်ငန်းနှင့် ငွေစာရင်းဖြည့်သွင်းထားရှိမှု ရှိ၊ မရှိ စာရင်းဇယားထိန်းသိမ်းမှု ရှိ၊ မရှိကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့နယ်အတွင်း မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် မှစတင်၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ယခုအခါ နတ်မောက်မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ရွှေကွေ့ကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၁၁၉ ဦးကို ငွေကျပ် ၅၈.၆ သန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၂၀ ဦးကို ငွေကျပ် ၆.၈ သန်း၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းလုပ်ကိုင်သူကို ငွေကျပ် ၂.၁သန်း၊ စုစုပေါင်းအိမ်ထောင်စု (၁၄၄)စုအတွက် ငွေကျပ် ၆၇.၅ သန်း ထုတ်ချေးပေးထားကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးဦးစိုးလင်းထွဋ်ထံမှ သိရသည်။
မူမူစန်း