တနင်္သာရီ စက်တင်ဘာ ၂၅
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကြီးမှူး၍ဒေါက်တာနွေးဟေမာသင်း၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် အခြေခံပညာကျောင်းများရှိ အသက်(၉)နှစ် ပြည့်ပြီး အသက်(၁၂)နှစ် မကျော်သေးသည့် ကျောင်းသူလေးများကိုအခြေပြု၍ သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေး(HPV) ထိုးနှံပေးခြင်းလုပ်ငန်းကို မြို့နယ်အတွင်း စက်တင်ဘာလ ၁၈ ရက်နေ့မှစ၍ ကျန်းမာ ရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ကျန်းမာရေးဌာနဆရာမများက ထိုးနှံပေးပေးလျက်ရှိရာ စက်တင်ဘာလ၂၄ ရက်နေ့အထိ စုစုပေါင်း(၇၂၁)ဦးအား ထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။
တနင်္သာရီမြို့နယ်အတွင်း သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV)ထိုးနှံပေးခြင်းကို မြို့နယ်ပြည်သူ့ဆေးရုံ၊ မောတောင်မြို့ပြည်သူ့ဆေးရုံ၊ ညောင်ပင်ကွင်းကျေးရွာနှင့် မော်တုန်းကျေးရွာအုပ်စုရှိ ကျေးလက်ကျန်းမာရေးဌာန(ခွဲ)မှ ကျန်းမာရေးဌာနဆရာ/မများက ကျောင်းအခြေပြု ဆေးထိုးစုရပ်များသို့ သွားရောက်၍ ကာကွယ်ဆေး(HPV)မထိုးနှံမီ ကျောင်းသူလေးများအား ရက်သတ္တတစ်ပတ်ကာလအတွင်း ကိုယ်အပူချိန်မြင့်တက်၍ ဖျားနာခြင်းရှိ/မရှိ အခြားကာကွယ်ဆေးထိုးနှံထားခြင်းရှိ/မရှိကို စစ်ဆေးမေးမြန်းပြီး မိဘအုပ်ထိန်းသူများအား ကာကွယ်ဆေးအမျိုးအစားနှင့်ဆိုးကျိုး-ကောင်းကျိုးများကို အသိပညာပေး ဆွေနွေးပြီးမှ ကာကွယ်ဆေးကိုထိုးနှံပေးကြောင်း၊ မြို့နယ်အတွင်းထိုးနှံရန်(၈၀၀)ဦးခန့် စာရင်းရှိပြီး (၁၈-၉-၂၀၂၃နေ့မှ၂၄-၉-၂၀၂၃) နေ့အထိ (၇၂၁)ဦးအား ထိုးနှံပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ အခြေခံပညာကျောင်းများတွင် ကျောင်း အခြေပြု(HPV)ကာကွယ်ဆေးထိုးနှံပေးခြင်းကို စက်တင်ဘာလ(၁၈ရက်မှ၂၇ရက်နေ့အထိ) ဆေးထိုးစုရပ်ခွဲ၍ ထိုးနှံပေးလျက်ရှိပြီး၊ အ.ထ.က-တနင်္သာရီကျောင်းတွင် စက်တင်ဘာလ (၁၉ ရက်မှ၂၃ရက်)အတွင်း ဆေးထိုးနှံပေးခဲ့ကြောင်း၊
ထိုသို့ကျောင်းသူလေးများအား သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေး(HPV) ထိုးနှံပေးနေမှုကို တနင်္သာရီမြို့နယ်၊ အမှတ်(၂)စစ်နယ်မြေမှူး ဗိုလ်မှူးကြီးအောင်ကိုလတ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သက်ထူး၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်မြတ်စုဝင်းနှင့်အဖွဲ့ဝင်များက အားပေးကြည့်ရှုကြ၍ လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်ပေးကြောင်း သိရသည်။
ထို့အပြင် ပြည်သူလူထုအခြေပြု၍ အဆိုပါ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV) ထိုးနှံပေးခြင်းလုပ်ငန်းကို အောက်တို ဘာလ(၃ရက်မှ ၅ရက်နေ့)အထိ ဆက်လက် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနှမှ သိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)