စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲ အခမ်းအနား တက်ရောက်

မုံရွာ စက်တင်ဘာ ၂၅

စစ်ကိုင်းတိုင်းဒေသကြီး (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲ အခမ်းအနားကို စက်တင်ဘာလ ၂၃ ရက်နေ့၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ ကုတင် ၅၀၀ ဆံ့၊ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးရှိ သလ္လာရတနာခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ တာဝန်ရှိသူများတက် ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က ရဲတပ်ဖွဲ့ဝင်များအနေဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ရည်မှန်းချက်တာဝန်(၄)ရပ်၏ စတုထ္တအပိုဒ်တွင်ပါဝင်သည့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရေးဆိုတဲ့တာဝန်အား လိုက်နာသည့်အပြင် “သင့်သွေးတစ်စက်ဖြင့် အသက်ကယ်ပါ ဟူသော ဆောင်ပုဒ်နှင့်အညီ သွေးလှူဒါန်းပေးကြသည့်အတွက် များစွာဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ လူတစ်ယောက်၏အသက်ရှင် ရပ်တည်နိုင်ရန်အတွက် သွေးသည်မရှိမဖြစ်လိုအပ်ပြီး သွေးလှူခြင်းသည်လူ့အသက်များအား ကယ်တင်နိုင်ပြီး လိုအပ်သည့်သွေးအား သွေးလှူရှင်များ၊ သွေးလှူရှင်အသင်း အဖွဲ့များဖွဲ့စည်းပြီး သွေးများကိုနည်း ပညာများဖြင့် ထိန်းသိမ်းကာဆောင်ရွက် လျက်ရှိပါကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် လိုအပ်သည့်သွေးများ လျော့နည်းခဲ့လျင် သွေးအစားထိုးဖြည့်ဆည်းပေးရပြီး အကယ်၍အချိန်မီသွေးမရနိုင်ပါက အသက်ဆုံးရှုံးနိုင်သည်အထိ အသက်အန္တရာယ်များပါကြောင်း၊ 

ဇီဝိတဒါနဖြစ်သည့် သွေးလှူဒါန်းခြင်းသည် အလွန်မွန်မြတ်သည့်လုပ်ငန်း ဖြစ်သည့်အတွက် ရဲတပ်ဖွဲ့ဝင်များအား အသိပေးလိုပါကြောင်း၊ ယခုလှူဒါန်းသည့် သွေးများကိုလည်း ပြည်သူလူထုအတွက်ရည်ရွယ်၍ လှူဒါန်းခဲ့ခြင်းကြောင့် ပြည်သူလူထုအနေဖြင့်လည်း ဝမ်းမြောက်ဝမ်းသာ ဖြစ်လိမ့်မည်လို့ယုံကြည်ကြောင်း၊ ရဲတပ်ဖွဲ့ဝင်များသည် ဒုက္ခရောက် သူအား တော်တည့်မှန်ကန်စွာ ဖေးမကူညီတတ်သည့် ပြည်သူလူထုမှ လိုလားသော ရဲတပ်ဖွဲ့ဝင်များ ဖြစ်လာကြစေရန် တိုက်တွန်းပြောကြားခဲ့သည်။

ယင်းနောက် မုံရွာမြို့၊ ကုတင် ၅၀၀ ဆံ့၊ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံအုပ်ကြီးက ကျေးဇူးတင်စကားပြောကြားပြီး တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြင့်နိုင်က စုပေါင်း သွေးလှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မုံရွာမြို့၊ ကုတင် ၅၀၀ ဆံ့၊ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံအုပ်ကြီးတွင် တိုင်းဒေသကြီး/ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ မိသားစုဝင်များနှင့် ရုံးဝန်ထမ်း စုစုပေါင်း ၇၄ ဦးမှ စုပေါင်းသွေးလှူဒါန်းနေမှုများအား လိုက်လံကြည့်ရှုအားပေးကြပြီး တာဝန်ရှိသူများအအတူ အဟာရဖြည့်စွက်စာများ အသီးသီးပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စက်တင်ဘာလ ၂၄ ရက်နေ့၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ ဂေါက်ကလပ်ကွင်းတွင် ကျင်းပပြုလုပ်သော (၅၉) နှစ်မြောက်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲသို့ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သန်းထိုက်တို့က စမုတ်ဘောရိုက်ကာ ဂေါက်သီးရိုက်ပြိုင်ပွဲအား ဖွင့်လှစ်ပေးကြပြီး ပြိုင်ပွဲဝင်အားကစားသမားများအား ရင်းရင်းနှီးနှိး လိုက်လံနှုတ်ဆက် အားပေးခဲ့ကြသည်။

အဆိုပါ (၅၉) နှစ်မြောက်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဂေါက်သီးရိုက်ပြိုင်ပွဲသို့ အကြီးတန်း၊ အငယ်တန်း ဂေါက်သီးရိုက်အားကစားသမား ပြိုင်ပွဲဝင် ၈၃ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး မွန်းလွဲပိုင်းတွင် ဆုချီးမြင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။ 

တိုင်းဒေသကြီး (ပြန်/ဆက်)