မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့ရှိ အဝေးပြေးယာဉ်ရပ်နားစခန်း၊ ကုန်တင်ကုန်ချကားကြီးကွင်းနှင့် ကားကြီးစက်ပြင်အလုပ်ရုံတည်ဆောက်မည့် မြေနေရာတို့အား ကြည့်ရှုစစ်ဆေး

မကွေး  စက်တင်ဘာ ၂၅

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်သည် စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး လင်းထွဋ်၊ အတွင်းရေးမှူး ဦးသန်းဆွေဝင်းတို့နှင့် အတူ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါကာ စက်တင်ဘာလ ၂၂ ရက်နေ့ နံနက်ပိုင်းက မကွေးမြို့ အဝေးပြေးယာဉ်ရပ်နားစခန်း၊ ကုန်တင်ကုန်ချကားကြီးကွင်းနှင့် ကားကြီးစက်ပြင် အလုပ်ရုံတည်ဆောက်မည့် မြေနေရာတို့အား ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မကွေးမြို့ အဝေးပြေးယာဉ်ရပ်နားစခန်းသို့ ရောက်ရှိပြီး ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများမှ အဝေးပြေးယာဉ်ရပ်နားစခန်းတွင်  ခရီးသည်များ ဝင်ထွက်သွားလာမှု၊ ယာဉ်လိုင်များ ပြေးဆွဲဆောင်ရွက်မှုအခြေအနေများနှင့် ဆိုက်ကပ်/ ထွက်ခွာ စစ်ဆေးရေးဂိတ် တည်ဆောက်မည့် အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့မှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆွေးနွေးညှိနိုင်း၍ ပေါင်းစပ်ဆောင်ရွက်ပေးကာ၊ လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

မကွေးမြို့ အဝေးပြေးယာဉ်ရပ်နားစခန်းတွင် ယာဉ်လိုင်းပေါင်း ၂၀၀ ကျော်ရှိပြီး၊ တိုင်းဒေသကြီး အခြေပြု ယဉ်လိုင်း ၁၅၀ နှင့်  အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများသို့ ပြေးဆွဲသော ယာဉ်လိုင်းပေါင်း  ၅၀ ရှိ၍ ခရီးသည်များ တစ်နေ့တာ ဝင်ထွက်မှုနှင့် ခရီးသည်ပါရှိမှု  အခြေအနေသိရှိနိုင်ရန်နှင့် တရားမဝင် ကုန်စည်စီးဆင်းမှုကို ထိန်းချုပ်နိုင်ဖို့အတွက် မော်တော်ယာဉ် ဆိုက်ကပ် - ဝင်ရောက် - ထွက်ခွာ စစ်ဆေးရေးဂိတ် တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ မော်တော်ယာဉ် ဆိုက်ကပ်-ဝင်ရောက်-ထွက်ခွာ စစ်ဆေးရေးဂိတ်ကို (၇၂ ပေ× ၁၂၀ ပေ)အကျယ်အဝန်းဖြင့် တည်ဆောက်သွားမည်ဖြစ်ပြီး၊ မော်တော်ယာဉ် (၈)စီးကို တစ်ပြိုည်တည်း ဆိုက်ကပ်စစ်ဆေး ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ထိုမှတစ်ဆင့် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် မကွေးမြို့ ကုန်တင်ကုန်ချကားကြီးကွင်းသို့ ရောက်ရှိပြီး စစ်ဆေးရေး တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က ယာဉ်အန္တရာယ် ကင်းဝေးစေရန်၊ မြို့တွင်းလမ်းများ ပျက်စီးမှုမှ ကာကွယ်ရန်၊ တရားမဝင်ကုန်ပစ္စည်းများ သယ်ဆောင်ရောင်းဝယ်ခြင်းအား တားဆီးဖော်ထုတ်ရန်အတွက် မကွေးမြို့သို့ ကုန်တင်ကားကြီးများ ဝင်ရောက်ခြင်းကို တားမြစ်ခဲ့ပြီး ကားကြီးကွင်းအတွင်းသို့ ဖြတ်သန်းလာသည့် ကုန်စည်များအား စနစ်တကျ ကြပ်မတ်ဆောင်ရွက်ရန်နှင့် တရားမဝင် ကုန်စည်စီးဆင်းမှု ထိန်းချုပ်တားဆီးရေးလုပ်ငန်းများ ဆောင်ရွက်ရန် စီမံဆောင်ရွက်ခဲ့ခြင်းဖြစ်သည့်အတွက် အားလုံးက အလေးထားဆောင်ရွက်ကြရန် မှာကြားခဲ့သည်။

ဆက်လက်၍ ကုန်တင်ကုန်ချကားကြီးကွင်း စစ်ဆေးရေးဂိတ်တွင် ကုန်စည်ကားများ ဝင်ရောက် ထွက်ခွာ စစ်ဆေးဆောင်ရွက်နေမှု အခြေအနေအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားကာ၊ မြို့ရှောင်လမ်း ကုန်တင်ကုန်ချ ကားကြီးကွင်းအနီးတွင် ကားကြီးစက်ပြင်အလုပ်ရုံ တည်ဆောက်မည့် မြေနေရာသို့ သွားရောက်၍ ကြည့်ရှုစစ်ဆေးရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများ၏ လိုက်လံရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

မကွေးမြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မကွေးမြို့ရှောင်လမ်းတွင် ကုန်တင်ကားကြီး များ ဆိုက်ကပ်ရပ်နားရာတွင် အဆင်ပြေစေရန် ကားကြီးစက်ပြင်အလုပ်ရုံကို တည်ဆောက်သွားမည်ဖြစ်ပြီး၊ မြို့ရှောင်လမ်းအနီး ဆောင်ရွက်မည့် ကားကြီးစက်ပြင်အလုပ်ရုံသည် မြေဧက ၇ ဧက ကျယ်ဝန်ပြီး၊ ကားဝပ်ရှော့အပါအဝင် ဈေးဆိုင်ခန်းများ၊ သန့်စင်ခန်းများပါ ထည့်သွင်း တည်ဆောက်သွားမည်ဖြစ်ကြောင်းနှင့် မကွေးမြို့ အဝေးပြေးယာဉ်ရပ်နားစခန်း စစ်ဆေးရေးဂိတ်နှင့် ကုန်တင်ကုန်ချ ကားကြီးကွင်းအနီး ကားကြီးစက်ပြင်အလုပ်ရုံ တည်ဆောက်ပြီးစီးပါက ကုန်စည်စီးဆင်းမှု မြန်ဆန်စေပြီး ခရီးသွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြူနိုင်မှာဖြစ်ကြောင်း သိရသည်။

မောင်ညီညာ