ရှမ်းရွာသစ် စက်တင်ဘာ ၂၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား/သူများ စာဖတ်ရှိန် မြင့်မားပြီး အသိပညာ ဗဟုသုတ တိုးပွားစေရေးနှင့် ကျောင်းစာအပြင် ပြင်ဗဟုသုတ တိုးပွားစေရေးအတွက် စဉ်ဆက်မပြတ် စာအုပ်စာစောင်များကို အခမဲ့ ငှားရမ်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် (၉) နာရီအချိန်တွင် အမှတ်(၂) ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်း၌ နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ပေးပြီး စာအုပ်စာစောင်များကို အခမဲ့ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါ နယ်လှည့်စာကြည့်တိုက်လုပ်ငန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ ဦးစီးမှူးနှင့် ဝန်ထမ်းများက ကျောင်းသား/သူလေးများ အားလပ်ချိန်ကို အကျိုးရှိစွာအသုံးပြုကြရန်၊ ဗဟုသုတ တိုးပွားစေရေးအတွက် ကျောင်းစာအပြင် ပြင်ပစာအုပ်စာပေများကိုပါ လေ့လာဖတ်ရှုကြရန် စသည့် နယ်လှည့်စာကြည့်တိုက် ဝန်ဆောင်မှုလုပ်ငန်းနှင့် ပတ်သက်၍ အသိပညာပေး ရှင်းလင်းပြောကြားပြီးနောက် တိုင်းရင်းသား ရုပ်ပုံပြပုံပြင်စာအုပ်များ၊ ဓမ္မရုပ်ပြများနှင့် ပုံပြင်စာအုပ်များကို အခမဲ့ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား/သူလေးများ အသိပညာ ဗဟုသုတ တိုးပွားစေရေးအတွက် စာအုပ်စာစောင်များကို လက်ဝယ်အရောက် ငှားရမ်းပေးခြင်းကို အပတ်စဉ် ဝန်ဆောင်မှု ပေးလျက်ရှိကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)