ဟင်္သာတ စက်တင်ဘာ ၂၄
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် မှတ်ပုံတင်ခွင့်ပြုပြီးသည့် နိုင်ငံရေးပါတီများက ပေးပို့တင်ပြလာသည့် သတ်မှတ်ပါတီဝင်အင်အားစာရင်းများ မှန်ကန်မှု ရှိ မရှိ၊ မြေပြင်တွင် အမှန်တကယ် နေထိုင်ခြင်း ရှိ/မရှိတို့နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများ၊ သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနများနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲတို့ ပူးပေါင်း၍ စိစစ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ဟင်္သာတခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းထွန်းက ပြောကြားရာတွင် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၅(စ)အရ မှတ်ပုံတင်ခွင့်ပြုသည့် နေ့မှစ၍ ရက်ပေါင်း ၉၀ အတွင်း ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံးမည့်ပါတီဖြစ်ပါက သတ်မှတ်ပါတီဝင်ဦးရေကိုလည်းကောင်း၊ တိုင်းဒေသကြီး(သို့မဟုတ်) ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့် ပါတီဖြစ်ပါက သတ်မှတ်ပါတီဝင် ဦးရေကိုလည်းကောင်း စည်းရုံးရမည်ဖြစ်ပြီး နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေ ၁၃(က)အရ မိမိတို့ပါတီ စည်းရုံးရရှိထားသည့် သတ်မှတ်ပါတီဝင်ဦးရေ ပြည့်မီသော အင်အားစာရင်းကို မြို့နယ်အလိုက် စုစည်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် သက်ဆိုင်ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသို့ သတ်မှတ်ပုံစံဖြင့် တင်ပြရမည်ဖြစ်ကြောင်း၊ ယနေ့တက်ရောက်လာသည့် ပါတီ ၄ ခုမှ သတ်မှတ်ကာလအတွင်း ပေးပို့လာသည့် ပါတီဝင်အင်အားစာရင်းများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က CVLMS Software ဖြင့် စစ်ဆေးခြင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက Admin DEO Software ဖြင့် စစ်ဆေးခြင်းတို့ကို ဆောင်ရွက်ခဲ့ရာ ပါတီဝင်အင်အားစာရင်းတွင် သတ်မှတ်ချက်များနှင့် ကိုက်ညီမှုမရှိသူများ ပါဝင်နေသည်ကို တွေ့ရကြောင်း၊ သို့ဖြစ်၍ နိုင်ငံရေးပါတီများမှ တင်ပြထားသည့် သတ်မှတ်ပါတီဝင်အင်အား စာရင်းများ မှန်ကန်မှု ရှိ/ မရှိ၊ မြေပြင်တွင် အမှန်တကယ်နေထိုင်ခြင်း ရှိ/ မရှိတို့ကို သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် မြို့နယ်ရွေ့ကောက်ပွဲကော်မရှင်အဖွဲ့ခွဲများပူးပေါင်း၍ စိစစ်ခြင်းလုပ်ငန်းများကို သတ်မှတ်ကာလအတွင်း ဆောင်ရွက်မည်ဖြစ်သဖြင့် သက်ဆိုင်ရာ ပါတီအသီးသီး၏ မြို့နယ်တာဝန်ခံများက ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားသည်။ ထို့နောက် တက်ရောက်လာသည့် နိုင်ငံရေးပါတီများမှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ ဟင်္သာတခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အရာရှိနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပူးပေါင်းစိစစ်ခြင်း၊ လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်မည့် အခြေအနေများနှင့် လိုအပ်ချက်များကို ရှင်းလင်းဆွေးနွေးကြရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းထွန်းက ပြန်လည်ရှင်းလင်း ဆွေးနွေးသည်။
အဆိုပါ အစည်းအဝေးသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီနှင့် ကရင်ပြည်သူ့ပါတီတို့မှ ပါတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ အလုပ်အမှုဆောင်များ၊ ဟင်္သာတခရိုင်၊ မြန်အောင်ခရိုင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
ခရိုင် (ဟင်္သာတ)