ဘားအံ စက်တင်ဘာ ၂၄
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့ နံနက်ပိုင်းက ဘားအံမြို့၊ ကော့ဝါးဆူးကျေးရွာအနီးရှိ ရှေးဟောင်းသမိုင်းဝင်မဟာဆဒ္ဒန်လိုဏ်ဂူတော် ခရီးစဉ်ဒေသ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မဟာဆဒ္ဒန်ဂူဆရာတော် ဘဒ္ဒန္တဓမ္မပီယအား သွားရောက်ဖူးမြော် ကြည်ညိုရာ ပြည်နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးဦးသန်းဦးက မဟာဆဒ္ဒန်လိုဏ်ဂူရေကန်တော်တူးဖော်ခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က မဟာဆဒ္ဒန်ဂူ ဆရာတော်အား သာသနာရေးဆိုင်ရာများနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ လျှောက်ထားတင်ပြ၍ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေးဟောင်းသမိုင်းဝင် မဟာဆဒ္ဒန်လိုဏ်ဂူတော်သို့ ပြည်တွင်း၊ ပြည်ပ ဘုရားဖူးခရီးသွား ဧည့်သည်များ စိတ်အေးချမ်းသာစွာ လာရောက်လေ့လာ လည်ပတ်ဖူးမြော်နိုင်ရေး၊ ဈေးဆိုင်ခန်းများ သန့်ရှင်းသပ်ရပ်စွာဖြင့် စနစ်တကျရှိစေရေး၊ အများသုံးသန့်စင်ခန်းများ ပြည့်စုံလုံလောက်မှုရှိစေရေး လိုက်လံကြည့်ရှုစစ်ဆေးပြီး ဂေါပကအဖွဲ့နှင့် တာဝန်ရှိသူများ အား လိုအပ်သည်များ မှာကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရှေးဟောင်းသမိုင်းဝင်မဟာဆဒ္ဒန်လိုဏ်ဂူတော်အတွင်းရှိ ရှေးဟောင်းလျောင်းတော်မူဘုရား၊ ဆဒ္ဒန်ဆင်မင်းဇာတ်ဝတ္ထုနှင့် များစွာတူညီသည့် ထူးဆန်းသော သဘာဝကျောက်တုံး၊ ကျောက်ဆောင်၊ ကျောက်ပန်းခက်များ၊ အံ့ဖွယ်နေရာများဖြစ်သော ကျောက်သွေးတွင်း၊ ကြယ်ရောင်တောက်သော စိန်တောင်ကြီး၊ လွှသဏ္ဍာန်နှင့်တူသော သဘာဝကျောက်တောင်ကြီး၊ မုဆိုးမြားပေါက်၊ သမီးတော်စံမြန်းသောဂူ၊ ကျောက်အူခွေ၊ စပါးကျီတောင်၊ မုဆိုးခမောက်၊ ဆင်တိုင်၊ လက်ရေးစင်အုတ်ချပ်များ၊ ကျောက်ကပ်အုပ်ခွက်ဘုရားများနှင့် လွမ်းစေတီတို့ကို ဖူးမြော် ကြည်ညို ကြည့်ရှုလေ့လာကြရာ ဂေါပကအဖွဲ့များက လိုက်လံရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားကာ ယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဆဒ္ဒန်ဆင်မင်းပျော်မွေ့ခဲ့သည့် ဆဒ္ဒန်အိုင်ဟု တင်စားခေါ်ဝေါ်ကြသော ဘေးမဲ့ရေအိုင်မှတစ်ဆင့် အပျော်စီး စက်တပ်လှေငယ်များဖြင့် သဘာဝရေလျှံကွင်းအားပတ်၍ ဆဒ္ဒန်ဂူတည်ရှိရာ ဇွဲကပင်တောင်တန်း၏ တောင်ဘက်အစွန်ဆုံး ဆင်ဟိုင်းတောင်၏ စိမ်းစိုသာယာလှပသော သဘာဝအလှအပများကို ကြည့်ရှုလေ့လာခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ရှေးဟောင်းသမိုင်းဝင် မဟာဆဒ္ဒန်လိုဏ်ဂူတော် သဘာဝအခြေပြု ခရီးစဉ်ဒေသအား ထူးဆန်းပြီး အံ့ဩဖွယ်ရာ ခရီးစဉ်ဒေသတစ်ခုဖြစ်စေရေး၊ တစ်ကြိမ်လာရောက်လေ့လာလည်ပတ်ပြီး နောက်ထပ်တစ်ကြိမ် ထပ်မံလာရောက်လည်ပတ်ချင်စိတ်ရှိအောင် ဆွဲဆောင်နိုင်သော ခရီးစဉ်ဒေသဖြစ်စေရေး၊ ပွင့်လင်း ရာသီ(ခရီးသွားရာသီ)တွင် ခရီးစဉ်ဒေသ၏ လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ဂေါပကအဖွဲ့နှင့် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)