ချောက်မြို့နယ်၌ ကြိုတင်ဆန္ဒမဲပုံးများကို လုံခြုံရေးကြိုးဖြင့် တပ်ဆင်ချိတ်ပိတ်ခြင်း ပြုလုပ် ဆောင်ရွက်

ချောက် အောက်တိုဘာ ၁၉

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်ရာတွင် ကြိုတင် ဆန္ဒမဲလက်မှတ်များကို အဆင်သင့် ထည့်သွင်း အသုံးပြုသွားနိုင်ရေးအတွက် ကြိုတင် ဆန္ဒမဲပုံးအား လုံခြုံရေးကြိုး ဖြင့် တပ်ဆင်ချိတ်ပိတ်ခြင်းကို ယမန်နေ့ နံနက် အချိန်က ချောက်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးခင်မောင်နုကကြိုတင်ဆန္ဒမဲပုံးအား လုံခြုံရေးကြိုးဖြင့် တပ်ဆင်ချိတ်ပိတ်ခြင်း ဆိုင်ရာများကို ရှင်းလင်းပြောကြားခဲ့ပြီး နောက်  မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်ချောစုရည်က  ကြိုတင်မဲပုံး ထိန်းသိမ်း စောင့်ရှောက်ခြင်း၊ ကြိုတင်မဲပုံး လုံခြုံရေး ကြိုးချိတ်ပိတ်ပုံ အသေးစိတ်များကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ကြိုတင်မဲ များကို ကြိုတင်မဲပုံး အတွင်း ထည့်သွင်း လဲလှယ်ခြင်း၊ ပြောင်းလဲခြင်းများ မပြုလုပ်နိုင်ရန် မူလဆန္ဒပြုထားသည့်အတိုင်း ထည့်သွင်း သိမ်းဆည်း နိုင်ရေးအတွက် ကြိုတင်မဲပုံး လုံခြုံရေးကြိုး၏ ကုဒ်နံပါတ်ကို ကိုယ်စားလှယ်များက မှတ်သားခဲ့ကြပြီး ချောက်မြို့နယ်အတွင်း ပါဝင်ယှဉ်ပြိုင်ကြမည့် ပါတီ ၅ ပါတီမှ ပါတီကိုယ်စားလှယ်များ၏ ရှေ့မှောက်တွင် ချိတ်ပိတ်တပ်ဆင်ခဲ့ကြောင်း သိရသည်။

မချို(ပြန်/ဆက်)