ဘားအံ စက်တင်ဘာ ၂၄
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့နံနက် (၈:၃၀)နာရီအချိန်ခန့်ကဘားအံမြို့ ပြည်နယ် ပြည်သူ့ဆေးရုံကြီး၌ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
စုပေါင်းသွေးလှူဒါန်းပွဲတွင် ကရင်ပြည်နယ်ရဲတပ်မှူးရုံး၊ ရဲအကူတပ်ဖွဲ့ခွဲ၊ ဘားအံခရိုင်ရဲတပ်ဖွဲ့၊ သတင်းရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့် အမှတ်(၂၂) လုံခြုံရေးရဲတပ်ဖွဲ့ခွဲတို့မှ အရာရှိ၊ တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင် စုစုပေါင်း (၆၁)ဦးတို့မှ သွေးလှူဒါန်းခဲ့ကြရာ ပြည်နယ်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာဘရန်အောင်နှင့် ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများက သွေးပေါင်ချိန်တိုင်းတာခြင်း၊ ဆေးစစ်ခြင်း၊ သွေးလက်ခံရယူခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရသည်။
အဆိုပါစုပေါင်းသွေးလှူဒါန်းပွဲသို့ ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးခင်ဇော်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြပြီး သွေးလှူဒါန်းသူများအား ကြက်ဥ၊ အချိုရည်၊ ဓာတ်ဆား စသည့် အာဟာရဖြည့်စွက်စာများ ပေးအပ်ခဲ့ကြကြောင်း သိရှိရသည်။
ဘားအံ(ပြန်/ဆက်)