ချောင်းသာ စက်တင်ဘာ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာကမ်းခြေသို့ အပန်းဖြေခရီးစဥ်ရောက်ရှိနေသည့် နိုင်ငံတော်ကာကွယ်ရေးတာဝန်များ ထမ်းဆောင်စဥ် ထိခိုက်ဒဏ်ရာရရှိရာမှ ဆေးရုံ၊ ဆေးခန်းများတွင် တက်ရောက်ကုသ၍ ပြန်လည်ကောင်းမွန်လာသည့် တပ်မတော်သားအရာရှိ၊ စစ်သည်များသည် ချောင်းသာမြို့၊ မြို့အဆင့်ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့များ၊ ဟိုတယ်ဇုန်အဖွဲ့များနှင့်အတူ ယမန်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်အချိန်က ချောင်းသာကမ်းခြေသန့်ရှင်း သာယာလှပရေး လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ချောင်းသာကမ်းခြေတစ်လျှောက်ရှိ စည်းကမ်းမဲ့စွန့်ပစ်အမှိုက်များ၊ ဒီရေမြင့်တက်ရာမှ တင်ကျန်ရစ်သည့်အမှိုက်များ၊ ပလတ်စတစ်များနှင့် ချုံနွယ်များအား ကောက်ယူခြင်း၊ ထွန်ဂျက်၊ ပေါက်တူး၊ ပေါက်ပြားများနှင့် တူးဆွဖယ်ထုတ်ခြင်းတို့ပြုလုပ်၍ မြို့စည်ပင်သာယာရေးအဖွဲ့ပိုင် အမှိုက်သိမ်းယာဥ်ဖြင့် အမှိုက်များကို စနစ်တကျစွန့်ပစ်ခဲ့ကြသည်။
နိုင်ငံတော်ကာကွယ်ရေးတာဝန်များထမ်းဆောင်စဥ် ထိခိုက်ဒဏ်ရာရရှိရာမှ ဆေးရုံ၊ ဆေးခန်းများတွင် တက်ရောက်ကုသ၍ ပြန်လည်ကောင်းမွန်လာသည့် တပ်မတော်သားအရာရှိ၊ စစ်သည်များသည် ချောင်းသာမြို့သို့ အနားယူအပန်းဖြေခရီးစဥ်ရောက်ရှိစဥ် ကာလအတွင်း၊ ပုသိမ်မြို့ရှိ ရွှေဆာပုသိမ်ထီးလုပ်ငန်းအား သွားရောက်လေ့လာခြင်း၊ ချောင်းသာကမ်းခြေရှိ ကျောက်ပုထိုးစေတီ တော်မြတ်အား ဖူးမြော်ခြင်း၊ သဲသောင်ပြင်အားကစားနှင့် ကိုယ်ကာယလေ့ကျင့်ခန်းများ ပြုလုပ်ခြင်း၊ ဒေသထွက်ကုန်များလေ့လာခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျော်ကျော်(ပြန်/ဆက်)