ကျောက်ကြီးမြို့နယ်၌ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ထိုးနှံခြင်းနှင့် ပတ်သက်၍ အသိပေး ဆွေးနွေးပွဲပြုလုပ်

ကျောက်ကြီး အောက်တိုဘာ ၁၉

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အသက်(၉)နှင့် အသက်(၁၀)နှစ်အရွယ်ရှိ မိန်းကလေးငယ်များအား (Human Papillomavirus (HPV) vaccine Introduction) သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံနိုင်​ရေးနှင့် ပုံမှန် ကာကွယ်ဆေးထိုး အစီအစဉ်၌ ထည့်သွင်းနိုင်ရေး အသိပညာပေးဆွေးနွေးပွဲကို ယနေ့ နံနက်(၁၀) နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာလွင်ဌေးက ကာကွယ်ဆေး စတင်ထည့်သွင်းထိုးနှံခြင်းနှင့် ပတ်သက်၍ (HPV) ပိုးသည် မျိုးပွားလမ်းကြောင်းတွင် အဓိက ကူးစက်တတ်သော ရောဂါပိုးဖြစ်၍ အမျိုးအစား(၁၀၀)ကျော်ရှိပြီး ၎င်းတို့အနက်(၁၄)မျိုး သည် အန္တရာယ်များသော ဗိုင်းရပ်စ်ပိုးများဖြစ်ကြောင်း သားအိမ်ခေါင်းကင်ဆာ အများစုသည် အန္တရာယ်များသော(HPV)ပိုးနှင့် ဆက်နွယ်မှုရှိ​ကြောင်း  (HPV)ပိုးသည် လိင်ဆက်ဆံခြင်းနှင့်အရေ ပြားချင်းထိတွေ့ခြင်းမှတစ်ဆင့် ကူးစက်ခြင်း (မည်သူမဆို) လူ့သက်တမ်းဘဝတစ်လျှောက်လုံးတွင် အချိန်မရွေး ရောဂါပိုးဝင်ရောက်နိုင်ကြောင်း အသိပေးရှင်းလင်းပြောကြားသည်။

အဆိုပါ (HPV) ကာကွယ်ဆေးကို (၂၀၁၀)ခုနှစ် စက်တင်ဘာလမှ (၂၀၁၁)ခုနှစ် သြဂုတ်လအတွင်း မွေးဖွားသည့် မိန်းကလေးများ အားလုံးကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ(၂၀)ရက်နေ့တွင် စတင် ထိုးနှံပေးပြီး ပထမအကြိမ် ထိုးနှံအပြီး(၁၂)လခြားကာ ဒုတိယအကြိမ်ကို ထိုးနှံပေးသွားမှာဖြစ် ကြောင်း၊ ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်တွင် ထည့်သွင်းထိုးနှံသွားမည်ဖြစ်ကြောင်း ၄င်းက ဆက်လက်ရှင်းလင်းပြောကြားသည်။

ဆက်လက်ပြီး တက်ရောက်လာသူများက (HPV) ကာကွယ်ဆေး စတင်ထည့်သွင်းထိုးနှံခြင်းနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှူး ဒေါက်တာလွင်ဌေးက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

K ခိုင် (ပြန်/ဆက်)