ဟင်္သာတမြို့နယ်တွင် ဧရာဝတီမြစ်ရေတိုက်စား၍ မြစ်ကမ်းပါးပြိုကျမှုကြောင့် အခြေခံပညာမူလတန်း(လွန်)ကျောင်းဆောင်ဖျက်သိမ်းပြောင်းရွှေ့

ဟင်္သာတ   စက်တင်ဘာ   ၂၄

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်အဖွဲ့ဝင်များသည် ယမန်နေ့မွန်းလွဲပိုင်းက ဟင်္သာတမြို့နယ်၊ စစ်ကုန်းကျေးရွာအုပ်စု၊ ငါးဆယ်ကျွန်းကျေးရွာတွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှုအခြေအနေများနှင့် ငါးဆယ်ကျွန်းကျေးရွာရှိ အခြေခံပညာမူလတန်း(လွန်)ကျောင်း မြစ်ကမ်းပါးပြိုကျမှုကြောင့် ကျောင်းဆောင်ဖျက်သိမ်းရမှု၊ နေအိမ်နှစ်လုံးပြောင်းရွှေ့ခဲ့မှုတို့ကို သွားရောက်ကြည့်ရှုခဲ့ပြီး လိုအပ်သောထောက်ပံ့လှူဒါန်းမှုများ ပေးအပ်ခဲ့သည်။

ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များအား ဟင်္သာတခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းနှင့် သက်ဆိုင်ရာဌာနမှတာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ရပ်ရွာတာဝန်ရှိသူများက ကျောင်းဆောင်ဖျက်သိမ်းနေမှုအခြေအနေနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ကျောင်းဆောင်သစ်မြေနေရာသစ်ရရှိရန် သက်ဆိုင်ရာဌာနများမှ အလျင်အမြန်ပူးပေါင်းဆောင်ရွက်ကြရေး၊ သဘာဝဘေးဒဏ်ကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်ဆုံးရှုံးမှုမရှိစေရေး၊ ကြိုတင်ကာကွယ်ဆောင်ရွက်ရမည့်လုပ်ငန်းများကို ဦးစားပေးဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ပြီး ငါးဆယ်ကျွန်းကျေးရွာရှိ ဝေပုလ္လဘုန်းကြီးကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ ပြောင်းရွှေ့စာသင်ကြားနေမှုအခြေအနေအား သွားရောက်ကြည့်ရှုခဲ့ကာ ကျောင်းထိုင်ဆရာတော်ထံသို့ လှူဖွယ်ဝတ္တုငွေများအားလည်းကောင်း၊ ကျောင်းသားကျောင်းသူများနှင့် ဆရာ၊ ဆရာမများအား ဗလာစာအုပ်၊ ဘောပင်၊ ခဲတံနှင့် ထောက်ပံ့ငွေများအားလည်းကောင်း၊ ကျေးရွာတာဝန်ရှိသူများထံသို့ သွပ်၊ သံနှင့် ဘိလပ်မြေအိတ်တို့အားလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်(ဟင်္သာတ)