ပုသိမ် စက်တင်ဘာ ၂၄
(၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူဒါန်းခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်ပြည်သူ့ဆေးရုံကြီး ကိုးထပ်ဆောင်ရှိ အမျိုးသားသွေးလှူဘဏ်ခွဲ၌ ပြုလုပ်ခဲ့ကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ သွားရောက် ကြည့်ရှုအားပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပုသိမ်ပြည်သူ့ဆေးရုံကြီး ကိုးထပ်ဆောင်ရှိ အမျိုးသားသွေးလှူဘဏ်ခွဲတွင် ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့ဝင်များ၏ စုပေါင်းသွေးလှူဒါန်းနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး အလှူရှင်များအား အာဟာရဖြည့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။ အဆိုပါ (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူဒါန်းခြင်းအခမ်းအနားတွင် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ၁၀၀ ဦး စုပေါင်းသွေးလှူဒါန်းခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ကျုံပျော်မြို့နယ် (၁၆)ခုတင်ဆံ့ တိုင်းရင်းဆေးရုံဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ တာဝန်ရှိသူများနှင့်အတူ ဆေးရုံအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီးနောက် တိုင်းရင်းဆေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးတို့အား ဆေးရုံဖွင့်ပွဲအထိမ်းအမှတ်အလံများ ပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဆေးရုံကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးပြီး ဆေးရုံအတွင်း လှည့်လည် ကြည့်ရှုစစ်ဆေးကာ ပြည်သူများအား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုအပြည့်အဝ ပေးနိုင်ရေး ဆောင်ရွက်ရန် မှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဆေးရုံတက်ရောက် ကုသနေသည့် လူနာများကို ရင်းရင်းနှီးနှီး အားပေးစကားများ ပြောကြားခဲ့ကာ အမှတ်တရလက်ဆောင်ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ပြီး ဖျော်ဖြေရေးအဖွဲ့များအတွက် ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)