ဖျာပုံခရိုင်ရုံး (Community Centre)ခန်းမ၌ စာဖတ်ဝိုင်း ပြုလုပ်

ဖျာပုံ စက်တင်ဘာ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)နှင့်ပူးပေါင်း၍ စာပေကို ချစ်မြတ်နိုးတန်ဖိုးထားသူများ တိုးပွားလာစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းကို ယမန်နေ့ နေ့လယ်(၁)နာရီအချိန်က ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအ​ခြေပြုဗဟိုဌာန(CommunityCentre)ခန်းမ၌ ပြုလုပ်သည်။

ရှေးဦးစွာ ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ် စမ်းစမ်းအေးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(BookClub)ဥက္ကဋ္ဌ စာရေးဆရာ ကဗျာဆရာ ဇေယျာဘုန်းမြင့်က လောကတွင်အလှတရား ကိုယ်စီရှိကြကြောင်းနှင့် လောကကို အလှဆင်သကဲ့သို့ စိတ်ကို အလှဆင်ကြရန်လိုကြောင်း အသိပညာပေးဆွေးနွေးပြောကြားပြီး၊ ဆရာကြီး ဦးကျင်မြင့်က “မေတ္တာသည်သာ အေးချမ်းရာ” ခေါင်းစဥ်ဖြင့် ဆွေးနွေးပြောကြားသည်။

ထို့နောက် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) နာယက ဆရာကြီး ဦးကျော်မြင့် စာရေးဆရာ(မောင်ယဥ်မိုး)က စာရေးဆရာ တင်ညွန့်ရေးသားသော “ပညာပါရာဒိုင်း” စာအုပ်မှ “ပညာရေး၏ အဓိပ္ပါယ်” ဆောင်းပါးအား ရှင်းလင်းဆွေးနွေးပြောကြားသည်။ ဆက်လက်၍ စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသော စာပေဝါသနာရှင်များ​က သိရှိလိုသည်များအား အသီးသီး ပြန်လည်​မေးမြန်း ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်၊ ပြန်/ဆက်)