ပွင့်ဖြူမြို့နယ်၊ ရွာခိုင်ကျေးရွာ ဃောသိတာရုံဘုရားအဝင်မြေသားလမ်းအား ကွန်ကရစ်လမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

ပွင့်ဖြူ      စက်တင်ဘာ     ၂၄

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ရွာခိုင်ကျေးရွာရှိ သာသနာ့သမိုင်းဝင်ဃောသိတာရုံဘုရားကြီး အဝင်မြေသားလမ်းအား ဒေသခံပြည်သူများနှင့် ရပ်ဝေးရပ်နီးမှ ဘုရားဖူးလာပြည်သူများ ရာသီမရွေးအဆင်ပြေစွာ သွားလာနိုင်ရန်အတွက် ယခု ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းမှာ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးသွားပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးလှဌေးမောင်ထံက သိရသည်။

အဆိုပါ ကွန်ကရစ်လမ်းအဆင့်မြှင့်တင်ဆောင်ရွက်ခြင်းကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရန်ပုံငွေကျပ် ၂၃ ဒသမ ၅ သန်း ခွင့်ပြုချထားပေးခဲ့ပြီး ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့်  တင်ဒါအောင်မြင်သည့် မကွေးမြို့၊ Shwe Group  ကုမ္ပဏီမှ တာဝန်ယူ၍ ဩဂုတ်လ ၂၂ ရက်နေ့ကစပြီး ရွာခိုင်ကျေးရွာ ဃောသိတာရုံဘုရားအဝင် မြေသားလမ်းအရှည်ပေ ၇၀၀ အား  လမ်းအကျယ် ၁၆ ပေ ၊ လမ်းအမြင့်ထု ၆ လက်မကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာလ ၂၂ ရက်နေ့တွင် ရာနှုန်းပြည့်ပြီးစီးခဲ့ကြောင်း သိရသည်။  

ပွင့်ဖြူမြို့နယ်၊ ရွာခိုင်ကျေးရွာရှိ ဃောသိတာရုံဘုရားအဝင်မြေသားလမ်းသည် နှစ်စဉ်မိုးရာသီကာလများတွင် ဒေသခံပြည်သူများနှင့် ဘုရားဖူးပြည်သူများအတွက် သွားလာရေးအဆင်မပြေမှုများ ကြုံတွေ့နေရပြီး ယခုနှစ်တွင် ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပြီးစီးသွားပြီဖြစ်၍ ကျေးရွာနေပြည်သူများနှင့် ရပ်ဝေးရပ်နီးမှ ဘုရားဖူးပြည်သူများအတွက် ရာသီမရွေးအဆင်ပြေချောမွေ့စွာ သွားလာနိုင်မည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က ပြောသည်။   

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )