တောင်ငူ စက်တင်ဘာ ၂၄
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နတ်သျှင်နောင်ခန်းမ၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တောင်ငူခရိုင်အတွင်းရှိ မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများ၏ သတ်မှတ်ပါတီဝင်အင်အားများ မှန်ကန်မှု ရှိ၊ မရှိ မြေပြင်တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ပဲခူးတိုင်းဒေသကြီးနယ်မြေတာဝန်ခံဦးစိုးဦးက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၅ (စ)ရ မှတ်ပုံတင်ခွင့်ပြုသည့်နေ့မှစ၍ ရက်ပေါင်း(၉၀)အတွင်း၊ ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းလုံးမည့်ပါတီဖြစ်ပါက ပါတီဝင်ဦးရေအနည်းဆုံး(၁၀၀၀၀၀) ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့်ပါတီဖြစ်ပါက ပါတီဝင်ဦးရေ(၁၀၀၀) စည်းလုံးနိုင်ရမည်ဖြစ်ပြီး နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေ ၁၃(က)အရ မိမိတို့ပါတီမှ စည်းရုံးရရှိထားသည့် သတ်မှတ်ပါတီဝင်ဦးရေ ပြည့်မီသောအင်အားစာရင်းကို မြို့နယ်အလိုက်စုစည်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် သက်ဆိုင်ရာမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများသို့ ပုံစံ(ဇ)ပူးတွဲနှစ်စုံဖြင့် ပြုစုတင်ပြရမည်ဖြစ်ကြောင်း၊ သတ်မှတ်ကာလအတွင်းပေးပို့လာသည့် ပါတီဝင်အင်အားစာရင်းများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က CVLMS Software ဖြင့် စစ်ဆေးခြင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနသို့ပေးပို့၍ အချက်အလက်များ မှန်ကန်မှု ရှိ၊ မရှိစစ်ဆေးခြင်း၊ သက်ဆိုင်ရာမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက Admin DEO Software ဖြင့်စစ်ဆေးခြင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနှင့်ပူးပေါင်း၍ မြေပြင်အခြေအနေနှင့် ကိုက်ညီမှု ရှိ၊ မရှိ စစ်ဆေးတို့ဆောင်ရွက်ခဲ့ရာ ပါတီဝင်အင်အားစာရင်းတွင် ဥပဒေနှင့်အညီ နေထိုင်သူစာရင်း၌ မရှိခြင်း၊ အမည်နှင့် နိုင်ငံသားစိစစ်ရေးကတ်အမှတ်တူသူများအစရှိသည့် သတ်မှတ်ချက်များနှင့် ကိုက်ညီမှုမရှိသည့် ပါတီဝင်များ ပါဝင်နေသည့်အပြင် ဝန်ထမ်းများပါဝင်နေခြင်း၊ နေရပ်လိပ်စာပြည့်စုံမှုမရှိခြင်း၊ မြေပြင်တွင်အမှန်တကယ်နေထိုင်ခြင်း ရှိ/မရှိတို့ကို သက်ဆိုင်ရာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများပူးပေါင်းကာ စိစစ်ခြင်းလုပ်ငန်းများကို သတ်မှတ်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်သွားရမည်ဖြစ်သဖြင့် သက်ဆိုင်ရာပါတီအသီးသီးမှ မြို့နယ်တာဝန်ခံများက ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်းပြောကြားသည်။
ဆက်လက်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ တာဝန်ရှိသူများက နိုင်ငံရေးပါတီများ၏ ပါတီဝင်အင်အားစာရင်းနှင့် မြေပြင်စစ်ဆေးတွေ့ရှိချက်များ၊ ကွဲလွဲချက်များအား ရှင်းလင်းတင်ပြပြီး နိုင်ငံရေးပါတီများက သိရှိလိုသည်များအားမေးမြန်ကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ဦးစိုးဦးနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက နိုင်ငံရေးပါတီများ၏ ပါတီဝင်လျှောက်လွှာ၊ အဆိုပြုလွှာ၊ ပါတီဝင်ကတ်ပြား၊ ကတ်ပြားထုတ်ပေးထားမှု မှတ်ပုံတင်စာအုပ်များ၊ ပါတီဝင်များက နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းနည်းဥပဒေ ပုံစံ(ဇ)၏ ပူးတွဲတွင် လက်မှတ်ထိုးထားမှုရှိမရှိအခြေအနေများ၊ ကွဲလွဲနေမှုများ စစ်ဆေးခြင်းလုပ်ငန်းများကို အနီးကပ်ကြပ်မတ်စစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
အဆိုပါအစည်းအဝေးသို့ တောင်ငူခရိုင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ခရိုင်နှင့်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှတာဝန်ရှိသူများ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ဝန်ထမ်းဦးစီးဌာနမှူးများ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီတို့မှ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်အဆင့်ပါတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ စုစုပေါင်း(၄၆)ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။
ဇော်ကိုကို (ပြန်/ဆက်)