ဟင်္သာတ စက်တင်ဘာ ၂၄
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့ဝင်များသည် ယမန်နေ့ နေ့လယ် ၁၁ နာရီခွဲအချိန်က ဟင်္သာတမြို့ ပန်းဘဲတန်းရပ်ကွက်ရှိ သူနာပြုသင်တန်းကျောင်း၏ (၂၂) ကြိမ်မြောက် ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် ဟင်္သာတမြို့ သူနာပြုသင်တန်းကျောင်းမှ ယနေ့အထိ သူနာပြုဆရာ/ဆရာမ (၁၀၀၂)ဦးတို့ကို မွေးထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း၊ ယခုနှစ် အောက်တိုဘာလတွင်လည်း ၆၃ ဦး သင်တန်းဆင်းပြီး လက်တွေ့လုပ်ငန်းခွင်သို့ ဝင်ရောက်ကြမှာ ဖြစ်သည့်အတွက် များစွာ ဝမ်းမြောက်မိပါကြောင်း၊ ယနေ့တွင် မျိုးဆက်သစ် သူနာပြု သင်တန်းသား၊ သင်တန်းသူများကို သူနာပြုများ၏ အဆောင်အယောင်ဖြစ်သော ဂျူတီကုတ်နှင့် ဦးဆောင်များ အပ်နှင်းပြီး သူနာပြုတာဝန်ဝတ္တရားများကို စတင်ထမ်းဆောင်နိုင်ပြီလို့ တာဝန်ပေးလိုက်ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် သုံးနှစ်တာ သင်တန်းကာလတလျှောက် သူနာပြုကျင့်ဝတ်များကို လိုက်နာပြီး သင်တန်းမှ သင်ကြားပို့ချပေးသော ပညာရပ်များကို စနစ်တကျ တတ်မြောက်အောင် ကြိုးစားသင်ယူကြစေလိုကြောင်း၊ မိမိတို့လူမှုပတ်ဝန်းကျင်နှင့် နိုင်ငံတော်ကို အကျိုးပြုနိုင်သော သူနာပြုမောင်မယ်ကောင်းများဖြစ်အောင် ကြိုးစားကြရန် စသည်ဖြင့် ပြောကြားခဲ့ပြီးနောက် သူနာပြုသင်တန်းကျောင်းအုပ်ကြီး ဒေါ်ဝေဝေလွင်နှင့် တာဝန်ရှိသူများမှ သင်တန်းသား၊ သင်တန်းသူ ၅၂ ဦးတို့အား ဂျူတီကုတ်နှင့် ဦးဆောင်းများ အပ်နှင်းပေးခဲ့ကြသည်။
ဆက်လက်၍ ကျောင်းအုပ်ဆရာမကြီး ဦးဆောင်၍ နည်းပြများ၊ သင်တန်းသား၊ သင်တန်းသူများက ဆီမီးထွန်းညှိခြင်းနှင့် သူနာပြု သစ္စာအဓိဋ္ဌာန်ရွတ်ဆို၍ အဓိဋ္ဌာန်ပြုခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းမှ သူနာပြုသင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား ဆုများအသီးသီးချီးမြှင့်ခဲ့ပြီး သူနာပြုသင်တန်းကျောင်းအတွက် အလှူငွေ ငါးသိန်းကျပ်ကို ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝေဝေလွင်ထံသို့ ထောက်ပံပေးအပ်ခဲ့ပြီးနောက် တက်ရောက်လာကြသူများ၊ သင်တန်းသား၊ သင်တန်းသူများနှင့် အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရသည်။
ခရိုင် (ဟင်္သာတ)