မကွေး စက်တင်ဘာ ၂၃
မကွေးတိုင်းဒေသကြီး သန့်ရှင်းသာယာလှပရေးအတွက် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/ မြို့နယ်များတွင် မြို့ရွာသန့်ရှင်းသာယာလှပရေး၊ ကျောင်းပတ်ဝန်းကျင်များနှင့် ဘုရားစေတီပုထိုးများ သန့်ရှင်းသာယာလှပရေးတို့အတွက် အပတ်စဉ်(စနေနေ့တိုင်း) စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၇ နာရီက မကွေးမြို့ ဖန်ခါးမြေဘိုးဘွားရိပ်သာဝင်းအတွင်း ဌာနဆိုင်ရာများပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးပြုလုပ်ဆောင်ရွက်နေမှုနှင့် (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးမြို့ မြသလွန်စေတီရင်ပြင်တော်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုတို့ကို တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိအကြီးအကဲများ သွားရောက်၍ ကြည့်ရှုအားပေးသည်။ စုပေါင်းသန့်ရှင်းဆောင်ရွက်ရာတွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် မကွေးတပ်နယ်မှတပ်မတော်သားများ၊ အမျိုးသမီးရေးရာအသင်းအဖွဲ့များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မကွေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မကွေးပညာရေးဒီဂရီကောလိပ်မှ သင်တန်းသားဆရာ၊ ဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ နှင့် ပရဟိတလူမှုအဖွဲ့အစည်းများ စုပေါင်း၍ မကွေးမြို့ ဖန်ခါးမြေဘိုးဘွားရိပ်သာဝင်းအတွင်းရှိ မြက်ပင်များ၊ သစ်ပင်ကြီးများနှင့် ချုံနွယ်များအား ခုတ်ထွင်ရှင်းလင်းခြင်း၊ မြက်ဖြတ်စက်များဖြင့် ရှင်းလင်းဆောင်ရွက်ခြင်း၊ အမှိုက်များအား အမှိုက်ကားများဖြင့် စနစ်တကျ သိမ်းဆည်းစွန့်ပစ်ခြင်းစသည့် စုပေါင်းသန့်ရှင်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြပြီး၊ စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုအား မကွေးတိုင်ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိအကြီးအကဲများက သွားရောက်ကြည့်ရှုအားပေးသည်။
ထို့အတူ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီမံလမ်းညွှန်မှုဖြင့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးတွင် မြို့ရွာသန့်ရှင်းသာယာ လှပစေရေး ဘုရား စေတီ ပုထိုးများ၊ ရုံးဌာန အဆောက်အဦများနှင့် ကျောင်းပတ်ဝန်းကျင်များ သန့်ရှင်းသာယာလှပမှုရှိစေရေးနှင့် ပြည်သူများ ကျန်းမာရေးဆိုင်ရာ အထောက်အကူဖြစ်စေရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို အပတ်စဉ်(စနေနေ့တိုင်း)တိုင်းလုံးကျွတ် လုပ်ဆောင်လျက်ရှိကြောင်းနှင့် အဆိုပါ စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းများကို စုစုပေါင်းအင်အား(၂၅၀၀)ဦးခန့်ဖြင့် ဆောင်ရွက်ခဲ့ပြီး၊ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်သည့် ဌာန၊ အသင်းအဖွဲ့များအား မြန်မာ့ရိုးရာမုန့်များနှင့် သောက်ရေသန့်ဘူးများ ဝေငှပေးခဲ့ကြောင်း သိရသည်။
ထိုမှတစ်ဆင့် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မကွေးမြို့ မြသလွန်စေတီတော်သို့ ရောက်ရှိခဲ့ပြီး၊ မြသလွန်စေတီရင်ပြင်တော်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ(၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးတိုင်းဒေသကြီးတပ်ဖွဲ့မှူး ရဲမှူးကြီး လင်းထွဋ်ဦးဆောင်သော တပ်ဖွဲ့ဝင်(၁၈၀)ဦးတို့က ဘုရားရင်ပြင်တော်အား စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးကြောင်း သိရသည်။
မောင်ညီညာ