မုံရွာမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကွန်ပျူတာ အခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၃) သင်တန်းဆင်းပွဲ ကျင်းပ

မုံရွာ စက်တင်ဘာ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ရုပ်ဝတ္ထုပိုင်းဆိုင်ရာများ ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်သကဲ့သို့ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုး တိုးတက်‌ရေးတွင် အရေးပါသဖြင့် လူငယ်လူရွယ်များ၏ အသိပညာ၊ အတတ်ပညာ မြင့်မားတိုး တက်စေရေးနှင့် ကုန်ထုတ်လုပ်မှု အထောက်အကူပြုပညာရှင်များ ထွန်းကားလာစေရေး ရည်ရွယ်၍ ဖွင့်လှစ်သည့် ကွန်ပျူတာ အခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၃) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ (၁) နာရီက မုံရွာခရိုင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre )ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ခင်စောလင်းက သင်တန်းဆင်း သင်တန်းသူများ အနေဖြင့် မိမိတို့လုပ်ငန်းခွင်တွင် အဆင်ပြေချောမွေ့‌စေရန်၊ ကျွမ်းကျင်မှုရှိစေရန် အားလုံးကြိုးစားဆောင်ရွက်သွားကြရန် နှင့် ယခုလိုသင်တန်းများအပြင် လူငယ်များ၏ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိ‌စေရေးအတွက် အထောက်အကူပြုစေမည့် သင်တန်းများ အား စဉ်ဆက်မဖြတ် ဖွင့်လှစ် သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်း အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်ပြီး မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်နိုင်စိုးက ကွန်ပျူတာအခြေခံသင်တန်းနည်ပြများ အား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့သည်။

ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ခင်စောလင်းနှင့် တာဝန်ရှိသူများက ကွန်ပျူတာသင်တန်းဆင်းလက်မှတ်များကို လက်ဝယ်အရောက် ပေးအပ်ခဲ့ပြီးနောက် သင်တန်းသား၊သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ ကွန်ပျူတာအခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၃) သင်တန်းများအား စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီးအတွင်းရှိ မုံရွာ၊ စစ်ကိုင်း၊ ရွှေဘို၊ ကလေး၊ ကသာ၊ ကန့်ဘလူမြို့နယ်များရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) များတွင် သြဂုတ်လ(၂၃)ရက်နေ့မှစတင်ပြီး တစ်ပြိုင်နက် ဖွင့်လှစ်ခဲ့ကြပြီး စုစုပေါင်း သင်တန်းသား၊ သင်တန်းသူ ၉၀ဦး အား သင်တန်းကာလ ၁ လအကြာ အခမဲ့ စာတွေ့၊လက်တွေ့ သင်ကြား ပို့ချပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)