ဘားအံ စက်တင်ဘာ ၂၃
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဗဟိုအကြံပေး အဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်၊ အဖွဲ့ဝင် ဦးစောဒယ်နီရယ်တို့နှင့်အတူ ယနေ့နံနက် ၁၁ နာရီခန့်က မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်(အင်္ဂလီကန်) ဘားအံသာသနာပိုင်နယ် ရှင်ပေတရုကသီဒြယ် ဘုရားရှိခိုးကျောင်း၌ ကျင်းပသည့် ခရစ်ယာန်ငြိမ်းချမ်းရေး ဗဟိုကော်မတီမိတ်ဆက်တွေ့ဆုံ ဆုတောင်းခြင်းအစီအစဉ်သို့ တက်ရောက်ခဲ့ကြသည်။
ဦးစွာမြန်မာနိုင်ငံ ခရစ်ယာန်အသင်းတော်(အင်္ဂလီကန်) ဘားအံနယ်စီးသာသနာပိုင် ဒေါက်တာမာကုစောမောင်ဒိုက အဖွင့်ဆုတောင်းပြီး ခရစ်ယာန်ဂိုဏ်းပေါင်းစုံငြိမ်းချမ်းရေး အထောက်အကူပြု ဗဟိုကော်မတီဒုတိယဥက္ကဋ္ဌ သာသနာ ပိုင်ချုပ်ကြီးစတီဗင်သန်းမြင့်ဦးက မင်္ဂလာနှုတ်ခွန်းဆက်စကားပြောကြားကာ တက်ရောက်လာသူများက အိုသာယာ သော မြန်မာပြည်တော်ကျူး ဓမ္မတေးသီးချင်းကို သီဆိုကျူးရင့်ကြသည်။
ယင်းနောက် ဘားအံခရစ်ယာန်အသင်းတော်များ ကောင်စီဥက္ကဋ္ဌ သိက္ခာတော်ရ ဆရာမန်းစိုးဝင်းမောင်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ပြည်နယ်အတွင်းငြိမ်းချမ်းရေး အထောက်အကူပြုလုပ်ငန်းကော်မတီကို ဖွဲ့စည်းထားပြီး ခရစ်ယာန်အသင်းတော်များသို့ သွားရောက်တွေ့ဆုံကာ ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးပြောကြားခဲ့ကြကြောင်း၊ မိမိတို့ပြည်နယ်သည် နှစ်ပေါင်း(၇၀)ကျော် လက်နက်ကိုင်ပဋိပက္ခများနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီး ငြိမ်းချမ်းရေးကိုအလိုလားဆုံးသော ပြည်နယ်တစ်ခုဖြစ်ကာ ပညာရေး၊ ကျန်းမာရေး၊ စားရေရိက္ခာဖူလုံရေး၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ခဲ့သော်လည်း ငြိမ်းချမ်းရေးမရှိသည့်အတွက် အခက်အခဲများစွာကြုံတွေ့ခဲ့ရကြောင်း၊ ငြိမ်းချမ်းသာယာမှုအထူးလိုအပ်ပြီး ပဋိပက္ခများ၊ ငြိမ်းချမ်းမှု ကင်းမဲ့ခြင်းများသည် တိုင်းပြည်အေးချမ်းသာယာရေးကို အဟန့်အတားဖြစ်စေသည့်အတွက် ငြိမ်းချမ်းရေးရရှိအောင် ဆုတောင်းမေတ္တာများ ပို့သပေးကြစေလိုကာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ကိုယ်တိုင်ကိုယ်ကျ ပူးပေါင်းပါဝင်ကြစေလိုကြောင်း၊ မိမိတို့ပြည်နယ်ကြီး အေးချမ်းသာယာရေးအတွက် တွေ့ဆုံဆုတောင်းခြင်းမှသည် နိုင်ငံတော်ကြီးဘက်စုံ ဖွံ့ဖြိုးတိုးတက်ပြီး အေးချမ်းသာယာပါစေကြောင်း အမှာစကားပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင် ခရစ်ယာန်ဂိုဏ်းပေါင်းစုံ ငြိမ်းချမ်းရေးအထောက်အကူပြု ဗဟိုကော်မတီနာယက ဦးစောထွန်းအောင်မြင့်က တိုင်းရင်းသားအချင်းချင်း လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပေါ်ခဲ့သည်မှာ နှစ်ကာလအားဖြင့် ကြာမြင့်နေပြီဖြစ်သည့်အတွက် ငြိမ်းချမ်းရေးကို ဝိုင်းဝန်းလုပ်ဆောင်ရန် ယခုကဲ့သို့လာရောက် တွေ့ဆုံဆုတောင်းခြင်းဖြစ်ကြောင်း၊ ပဋိပက္ခများကို ဆွေးနွေးတိုင်ပင်အဖြေရှာသည့် ငြိမ်းချမ်းရေးဆွေးနွေးမှုသည်သာ အကောင်းဆုံးနည်းလမ်းဖြစ်ပြီး လူမျိုးစွဲ၊ ဝါဒစွဲများကိုစွန့်လွှတ်၍ ပိုမိုကောင်းမွန်သော အနာဂတ်များကိုဖန်တီးနိုင်ရန် ငြိမ်းချမ်းရေးအတွက် ဝိုင်းဝန်းဆောင်ရွက် ပေးကြစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် ဘားအံခရစ်ယာန် အသင်းတော်များကောင်စီ၊ ဘုန်းတော်ကြီးများ၊ သင်းအုပ်ဆရာများ၊ ဓမ္မအမှုတော်ဆောင်များ၊ အသင်းတော်ခေါင်းဆောင်များက ငြိမ်းချမ်းရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ဝင် ဦးစောဒယ်နီရယ်က အကြံပြုစကားပြောကြားကာ သိက္ခာတော်ရ ဒေါက်တာဦးအေးမင်းက နိုင်ငံတော်အတွက် အထူးဆုတောင်း၍ ဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)