ဟင်္သာတ စက်တင်ဘာ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့၊ ပန်းဘဲတန်းရပ်ကွက်ရှိ ခရိုင်ပြည်သူ့ဆေးရုံကြီး သွေးလှူဘဏ်၌ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်မည့် (၅၉) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် စက်တင်ဘာ ၂၃ ရက်နေ့ နံနက် ၈ နာရီအချိန်က ဟင်္သာတခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်မြသန်း ဦးဆောင်၍ ရဲတပ်ဖွဲ့ဝင်များက စုပေါင်းသွေးလှူဒါန်းခဲ့ကြသည်။
အဆိုပါ သွေးလှူဒါန်းပွဲတွင် ဟင်္သာတခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ဖွဲ့ဝင် (၃) ဦးနှင့် စာရေးဝန်ထမ်း (၁) ဦး၊ ဟင်္သာတမြို့နယ်ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင် (၉) ဦး၊ ယာဥ်ထိန်းရဲတပ်ဖွဲ့ဝင် (၄) ဦးနှင့် ရထားရဲတပ်ဖွဲ့ဝင် (၁၁) ဦး စုစုပေါင်းရဲတပ်ဖွဲ့ဝင်နှင့် စာရေးဝန်ထမ်း (၂၈) ဦးတို့မှ ဟင်္သာတခရိုင် ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသလျက်ရှိသော လူနာများအတွက် သွေးအမျိုးအစား မျိုးစုံကိုလှူဒါန်းပေးခဲ့ကြပြီး သွေးလှူဒါန်းသူ တပ်ဖွဲ့ဝင်များအား ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးကျော်မြသန်းနှင့် ခရိုင်ဆေးရုံအုပ်ကြီးတို့မှ လိုအပ်သော အားဖြည့်အစာများ၊ ဆေးဝါးများနှင့် အားဖြည့်အချိုရည်များကို ပြန်လည်ထောက်ပံ့ပေးခဲ့ကြသည်။
အလားတူပင် ဟင်္သာတခရိုင်ရဲတပ်ဖွဲ့အနေဖြင့် (၅၉) နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ ကြိုဆိုဂုဏ်ပြု သောအားဖြင့် စက်တင်ဘာ ၉ ရက်နေ့တွင် ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် လည်းကောင်းစက်တင်ဘာ ၁၆ ရက်နေ့က ဟင်္သာတမြို့ ဆယ်ထပ်ကြီးဘုရားဝန်းအတွင်း အပြင်နှင့် သာသနာ့ဗိမာန်တော်ကြီးတို့တွင် ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်ပြန်ဆက်(ဟင်္သာတ)