ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ကျုံပျော်မြို့ (၁၆) ကုတင်ဆံ့ တိုင်းရင်းဆေးရုံသစ်အား တက်ရောက်ဖွင့်လှစ်

ကျုံပျော် စက်တင်ဘာ ၂၃

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့ နံနက် ၁၀ နာရီက ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်ရှိ တိုင်ရင်းဆေးပညာဦးစီးဌာန၊ (၁၆) ကုတင်ဆံ့ တိုင်းရင်းဆေးရုံသစ်အား တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ တိုင်းရင်းဆေးရုံသစ်အား ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေးနှင့်  လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

ထို့နောက် ညွှန်ကြားရေးမှူးချုပ်က ဖွင့်ပွဲအထိမ်းအမှတ်အလံများအား ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများထံ  ပေးအပ်ကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြပြီး၊  တိုင်းရင်းဆေးရုံကမ္ဗည်းမော်ကွန်းဆိုင်းဘုတ်အား အမွှေးနံ့သာရည်များဖြင့် ပက်ဖြန်းပေးကြသည်။

ထို့နောက် ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ဆေးရုံတွင်ကုသမှုခံယူနေသည့် အမျိုးသမီးဆောင်နှင့် အမျိုးသားဆောင်ရှိလူနာများအား  လိုက်လံအားပေးစကားများပြောကြားပြီး အာဟာရဓာတ်စာနှင့် လက်ဆောင်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။ ဆက်လက်၍ ဆေးရုံအတွင်း ရှိ ဆေးစတို၊ ဆေးကုသခန်း၊ ပြင်ပလူနာဌာနနှင့် ဆေးပေးခန်းတို့အား လှည့်လည်ကြည့်ရှုကာ၊ ဖွင့်ပွဲအခမ်းအနားတွင် ပါဝင်ဖျော်ဖြေကြသည့် ဘင်ခရာအဖွဲ့၊ ပန်းဖွားအကနှင့် အိုးစည်းဝိုင်းများအား ဆုတော်ငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။

အဆိုပါ (၁၆) ကုတင်ဆံ့ တိုင်းရင်းဆေးရုံဖွင့်ပွဲသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ တိုင်းရင်းဆေးပညာဦးစီးဌာန အကြီးအကဲများ၊ တိုင်း‌ဒေသကြီး၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိမြို့ဖများ၊ ဝန်ထမ်းများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ အသီးသီးတက်ရောက်ခဲ့ကြကြောင်း သိရသည်။

လပြည့်ဦး(ပြန်/ဆက်)