တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုထားဝယ်ပြည်သူ့ဆေးရုံကြီးဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး

ထားဝယ် စက်တင်ဘာ ၂၃

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် ဌာနဆိုင်ရာများစုပေါင်း၍ ပြည်သူ့အကျိုးပြုလုပ်ငန်းများ အပတ်စဉ် ဆောင်ရွက် ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီး/ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ စုပေါင်း၍ထားဝယ် ပြည်သူ့ဆေးရုံကြီးဝင်း အတွင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေးအတွက် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့နောက် တပ်မတော်တပ်ရင်းတပ်ဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ဌာနဆိုင်ရာအရာ ထမ်းအမှုထမ်းများတို့က ဆေးရုံကြီးဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူး  ဗိုလ်မှူးကြီးအောင်မျိုးထွန်းနှင့် တိုင်းဒေသကြီး ဝန်ကြီးများက လှည့်လည်၍ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုနှင့် တာဝန်ရှိသူများက သူနာပြုသင်တန်းကျောင်းရှိ ပြည်ထောင်စု ရန်ပုံငွေဖြင့် တည်ဆောက်ထားသည့် Auditorium ခန်းမဆောင်အား ကြည့်ရှုစစ်ဆေးကာ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာအောင်ငွေစံက ဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က သူနာပြုသင်တန်းကျောင်းရှိ သင်တန်းသား/သူများနှင့် ဝန်ထမ်းများ၏ နေထိုင်စားသောက်ရေး အဆင်ပြေနိုင်အောင် တိုင်းဒေသကြီးအစိုးရအဖွဲ့က ဆောင်ရွက်ပေးနိုင်ရေးအတွက် လာရောက်ခြင်းဖြစ်ကြောင်း၊ အခြေခံ စားသောက်ကုန်ဖြစ်သည့်ဆန်၊ ဆီများကိုသက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးနိုင်အောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားပြီး ဆန်၊ ဆီများ ဝယ်ယူစားသုံးနိုင်အောင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်ဌာနဆိုင်ရာများက ဆေးရုံကြီးဝင်းအတွင်း အမှိုက်သရိုက်များ၊ သစ်ပင်ခြုံနွယ်များနှင့် မြက်ပင်များ ရှင်းလင်းခြင်း၊ ပေါင်းမြက်များနှင့် ခြုံနွယ်ပိတ်ပေါင်းများအား မြက်ခုတ်စက်ဖြင့်ရှင်းလင်းခြင်း၊ အမှိုက်ကားဖြင့်သယ်ယူစွန့်ပစ်ပေးခြင်း ထွက်ရှိလာသော အမှိုက်များအား အမှိုက်သိမ်းယာဉ်ဖြင့် သိမ်းဆည်းပြီး စနစ်တကျစွန့်ပစ်ခြင်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)