နတ်မောက် စက်တင်ဘာ ၂၃
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများတစ်နိုင်တစ်ပိုင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်မိသားစုဝင်ငွေတိုးစီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေ သတ္တမစက်ဝန်းထုတ်ချေးခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက ဆီဆုံကုန်းကျေးရွာ ရွာဦးဘုန်းကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးလင်းထွဋ်က မြစိမ်းရောင်ကျေးရွာစီမံကိန်း ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်များနှင့်အကျိုး ကျေးဇူးများ၊ စီမံကိန်းအကြောင်းအရာများ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ စီမံကိန်းတာဝန်ခံဝန်ထမ်းများက ချေးငွေထုတ်ချေးရာတွင် လိုက်နာရမည့်စည်းကမ်းချက်များ၊ အတိုးနှုန်းနှင့်ကာလသတ်မှတ်ချက် များကို ရှင်းလင်းပြောကြားပြီး ကျေးရွာမြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက ဆီဆုံကုန်းကျေးရွာ၌ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ ၇ ဦး ငွေကျပ် ၅.၆၄ သန်း ၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၅၂ ဦး ငွေကျပ် ၃၂ သန်း၊အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ ၁၆ ဦး ငွေကျပ် ၁၀.၂ သန်း ၊အသက်မွေးဝမ်းကျောင်း လုပ်ငန်းလုပ်ကိုင်သူ ၂ ဦး ငွေကျပ် ၁.၂ သန်း စုစုပေါင်း အသင်းသား/အသင်းသူ ၇၇ ဦး ကို သတ္တမအကြိမ်မြောက်အဖြစ် မြစိမ်းရောင်ကျေးရွာ စီမံကိန်းအရင်းမပျောက် လည်ပတ်ရန်ပုံငွေကျပ် ၄၉.၀၄ သန်းထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့နယ်အတွင်း မြစိမ်းရောင်ကျေးရွာစီမံကိန်းအား ၂၀၁၄-၂၀၁၅ ခုနှစ် ဘဏ္ဍာနှစ်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုလက်ရှိ ကျေးရွာပေါင်း၄၁ရွာတွင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း နတ်မောက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမြို့နယ်ဦးစီးမှူး ဦးစိုးလင်းထွဋ်မှ ပြောပြ၍သိရသည်။
မူမူစန်း