ခမောက်ကြီးမြို့တွင် “အမွေခံတစ်ယောက်အမွေပေးသူတစ်ရာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

ခမောက်ကြီး စက်တင်ဘာ  ၂၃

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများနှင့် စာပေချစ်မြတ်နိုးသူ (BookClcb) အဖွဲ့တို့ ပူးပေါင်း၍ ယမန်နေ့မွန်းလွဲပိုင်းက  စာရေးဆရာမောင်ခင်မင်(ဓနုဖြူ)ရေးသားထားသည့် အမွေခံတစ်ယောက်အမွေပေးသူတစ်ရာစာအုပ်ဖြင့် စာဖတ်ဝိုင်းဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ စာဖတ်ဝိုင်းဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်လက်ထောက်-၃(ပြ) ဒေါ်ရူပါမြင့်က လူငယ်များအနေဖြင့် စာဖတ်ခြင်းအလေ့အထဖြစ်ရန်နှင့် စာပေမှလေ့လာသိရှိနိုင်သည့်အကြောင်းအရာများအား မှတ်သားလိုက်နာရန် လိုအပ်ကြောင်းစသဖြင့် စာဖတ်ဝိုင်းပြုလုပ်ရခြင်းနှင့်ပတ်သက်၍ပြောကြားပြီး အမွေခံတစ်ယောက်အမွေပေးသူတစ်ရာခေါင်းစဉ်ဖြင့်ဦးဆောင် ဆွေးနွေးခဲ့သည်။ ယင်းနောက် စာပေချစ်သူအဖွဲ့ဝင်များမှ  "ဆရာရေးပေးသော ၁၀ပြားစေ့" "ဆရာမတိုက်ကျွေးသောအားဆေးစကား"၊ "ဆရာနှင့်ပတ်သက်သောအတွေး"၊  "စာမေးပွဲခန်းထဲကအမဲစက်များ"စသည့် ခေါင်းစဉ်များဖြင့်ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် အဖွဲ့ဝင်များက ဆွေးနွေးသုံးသပ်မှုအပေါ် မိမိတို့၏အတွေးအမြင်များကို ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

အမွေခံတစ်ယောက်အမွေပေးသူတစ်ရာစာအုပ်တွင် လူငယ်နှင့်ပညာရပ်ဆိုင်ရာစာစုများပါဝင်ပြီး လူကြီး၊ လူငယ်များမှတ်သား လိုက်နာသင့် သည်များကို သိရှိကျင့်သုံးနိုင်မည့် အရွယ်မရွေးဖတ်သင့်သည့်စာအုပ်ပင်ဖြစ်သည်။

ခမောက်ကြီး (ပြန်/ဆက်)