ကော့သောင်းမြို့တွင် “အမွေခံတစ်ယောက်အ‌မွေပေးသူတစ်ရာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

ကော့သောင်း စက်တင်ဘာ ၂၃

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊‌  ကော့သောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း (Book Club)တို့ပူးပေါင်း၍ စက်တင်ဘာလ ၂၁ ရက်နေ့ နေ့မွန်းလွဲပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာ မောင်ခင်မင် (ဓနုဖြူ)ရေးသားထားသည့် “အမွေခံတစ်ယောက်အမွေပေးသူတစ်ရာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆောင်ရွက်ခဲ့သည်။ 
အဆိုပါ စာဖတ်ဝိုင်းဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဒေါ်တင်သူဇာလှိုင်က  Book Club အဖွဲ့ဝင်များအနေဖြင့် စာဖတ်ခြင်းအလေ့အထဖြစ်ရန်နှင့် စာပေမှလေ့လာသိရှိနိုင်သည့်အကြောင်းအရာများအား မှတ်သားလိုက်နာရန် လိုအပ်ကြောင်းနှင့် ယခုကဲ့သို့ စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့သည်။ ဆက်လက်၍ Book Club အဖွဲ့ဝင် ဦးလင်းနိုင်က "ကံရာဇာငယ်အလှူမဏ္ဍပ်"ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးပြီး Book Club အဖွဲ့ဝင် ဒေါ်ခင်မာစိုးမှ "ပညာတတ်ဖို့စာဖတ်ရမည်" ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် အဖွဲ့ဝင်များက ဆွေးနွေးသုံးသပ်မှုအပေါ် မိမိတို့၏အတွေးအမြင်များကို ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)