ကံမမြို့နယ်တွင် ပြည်သူများအား စားအုန်းဆီများ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး

ကံမ စက်တင်ဘာ ၂၃

မကွေးတိုင်းဒေသကြီး၊  သရက်ခရိုင်၊ ကံမမြို့နယ်တွင်   မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့်    မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးဆောင်၍   မြို့နယ်  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊  မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် သက်ဆိုင်ရာဌာနဆိုင်ရာများ  ပူးပေါင်း၍ အခြေခံစားသောက်ကုန်ဖြစ်သည့် စားအုန်းဆီများကို စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်းကို ယမန်နေ့    နေ့လည် (၂) နာရီက ကံမမြို့နယ်အတွင်းရှိ   ရပ်ကွက်ကျေးရွာ  အုပ်စုများတွင်   စားအုန်းဆီပိဿာ (၂၂၀၀) အား  ဒေသခံပြည်သူများကို  (၁) ပိဿာလျှင် (၅၁၀၀) ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထိုသို့ စားအုန်းဆီများရောင်းချရာတွင် အိမ်ထောင်စု(၁)စုလျှင်  (၁)ပိဿာနှုန်းဖြင့်     မြို့ပေါ် ရပ်ကွက်များရှိ    စုစုပေါင်း အိမ်ထောင်စု (၂၂၀၀) စုအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ပြီး   ရောင်းချရာနေရာများသို့  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအုန်းဌေး၊ အတွင်းရေးမှူး ရဲမှူးခင်ဝင်းဇော်နှင့်   မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

ကျော်ဇေယျဝင်း(ကံမ)