ဒေးဒရဲ စက်တင်ဘာ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ပြည်သူများအား စားသုံးဆီများ စျေးနှုန်းချိုသာစွာ ရောင်းချပေးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ဆီလုပ်ငန်းရှင်အသင်းဝင်များ ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ (၁)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူး သက်နိုင်ဦးက စားသုံးဆီများ ရောင်းချပေးနေသူများအနေဖြင့် ပြည်သူများ လက်ဝယ်သို့ အချင်အတွယ် မှန်ကန်စွာ ရောင်းချပေးနိုင်ရေး၊ သတ်မှတ်ရည်ညွှန်းစျေးနှုန်းအတိုင်း ရောင်းချပေးနိုင်ရေး ဆောင်ရွက်သွားကြရန် မှာကြားဆွေးနွေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးအောင်မြင့်ဦးက ပြည်သူများထံ ရည်ညွှန်းစျေးနှုန်းဖြင့် စားသုံးဆီများ ရောင်းချပေးမည့် အရောင်းဆိုင်များအား စားသုံးသူပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိရေး ဆောင်ရွက်သွားရန် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦးက မြို့နယ်အတွင်းရှိ စားသုံးဆီအရောင်းဆိုင်များအား ရည်ညွှန်းစျေးနှုန်းဖြင့် စားသုံးဆီများ ဖြန့်ဝေပေးမည့် အခြေအနေများအား ရှင်းလင်းဆွေးနွေးခဲ့သည်။ ဆက်လက်၍ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနက ပြည်သူများထံ စားသုံးဆီများ လက်ဝယ်အရောက် ရောင်းချပေးနေမှုနှင့် မြို့နယ်ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးအောင်နိုင်ဦးက ရည်ညွှန်းစျေးဖြင့် မြို့နယ်အတွက် ရရှိထားသည့် စားသုံးဆီများအား အရောင်းဆိုင်များသို့ ဖြန့်ဝေပေးမှုများကို ရှင်းလင်းဆွေးနွေးခဲ့ရာ တက်ရောက်လာသည့် မြို့နယ်အတွင်းရှိ စားသုံးဆီအရောင်းဆိုင်များမှ တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အေဇာလင်း