ပွင့်ဖြူမြို့နယ် ကျောင်းကုန်းကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုအား အချိန်မီပြီးစီးရေး ကွင်းဆင်းစစ်ဆေး

ပွင့်ဖြူ စက်တင်ဘာ ၂၂

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ပွင့်ဖြူမြို့နယ် ကျောင်းကုန်းကျေးရွာရှိ ဒေသခံကျေးလက်နေပြည်သူများ လယ်ယာစိုက်ပျိုးရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုရန်ပုံငွေဖြင့် လမ်းအရှည်ပေ ၁ မိုင် သုည ဒသမ ၄၉ ဖာလုံအား ကျေးလက်ကုန်ထုတ်လမ်းအဖြစ် အကောင်အထည်ဖော် ဖောက်လုပ်ဆောင်ရွက်လျက်ရှိရာ ယင်း ကျေးလက်ကုန်ထုတ်လမ်းအား လုပ်ငန်း အရည်အသွေးပြည့်မီရေးနှင့် အချိန်မီပြီးစီးနိုင်ရေးအတွက် ယနေ့နံနက် ၉ နာရီက မြို့နယ်ဦးစီးမှူးနှင့် တာဝန်ခံအင်ဂျင်နီယာ ဝန်ထမ်းများက သွားရောက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကျေးလက်ကုန်ထုတ်လမ်း အကောင်အထည်ဖော် ဖောက်လုပ်ဆောင်ရွက်ခြင်းကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ပြည်ထောင်စုရန်ပုံငွေကျပ် (၄၀) ဒသမ (၅၄၁၀) သန်းဖြင့် လမ်းအရှည်ပေ  တစ်မိုင် သုည ဒသမ (၄၉) ဖာလုံအား လမ်းအကျယ် (၁၂) ပေ၊ လမ်းအမြင့် ထုတစ်ပေ ၉ လက်မ မြေနီကျောက်စရစ် ကျောက်ရောမြေခင်းခြင်းအမျိုးအစား ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ခြင်းကို ဇွန်လ ၂၆ ရက်နေ့က စတင်ပြီး တင်ဒါအောင်မြင်သည့် တော်ဝင်းထွန်းကုမ္ပဏီမှ တာဝန်ယူ အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ပြီး ယခုလက်ရှိတွင် ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်နေမှုမှာ (၄၄) ရာခိုင်နှုန်းခန့် ဖောက်လုပ်ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။

ယင်း ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်နေမှုအား ယနေ့နံနက်ပိုင်းက ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်နှင့် တာဝန်ခံအင်ဂျင်နီယာ ဝန်ထမ်းများက ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ဒေသခံတောင်သူများ ရေရှည်အသုံးပြု သွားလာနိုင်ရေးအတွက် တင်ဒါပါစည်းကမ်းချက်များအတိုင်း လုပ်ငန်းအရည်အသွေး ပြည့်မီအောင်နှင့် အချိန်မီ ပြီးစီးအောင် ကြိုးပမ်းဆောင်ရွက်သွားရန် တင်ဒါကုမ္ပဏီမှ တာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ် ကျောင်းကုန်းကျေးရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကျေးလက် ကုန်ထုတ်လမ်း ဖောက်လုပ်ပြီးစီးပါက ကျေးရွာ(၄)ရွာမှ အကျိုးပြုအိမ်ခြေ ၈၃၆ အိမ်ရှိ လူဦးရေ ၃၇၀၁ ဦး၏ စိုက်ပျိုးလယ်မြေဧက (၆၀၀) အတွက် ရာသီမရွေး အဆင်ပြေစွာ သွားလာစိုက်ပျိုး လုပ်ကိုင်နိုင်မည်ဖြစ်၍ ဒေသခံကျေးလက်နေပြည်သူများ၏ ရာသီအလိုက် သီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအကျိုးပြုပေးနိုင်မည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က ပြောပြ၍ သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )