ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကျင်းပ

သရက် စက်တင်ဘာ ၂၂

မကွေးတိုင်းဒေသကြီး သရက်မြို့၌ လူငယ်များ ဗလငါးတန်နှင့် ပြည့်စုံပြီး အသိပညာဗဟုသုတ တိုးပွားစေရန်၊ နှုတ်မှုစွမ်းရည် တိုးတက်စေရန် လူငယ်များ အချင်းချင်း  ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စဉ်းစားတွေးခေါ်မှု စွမ်းရည်များ ရင့်သန်လာစေရန်နှင့် ကိုယ့်ကျင့်တရား ကောင်းမွန်သည့် လူတော်လူကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့ မွန်းလွဲ(၁)နာရီက United Mahar ကိုယ်ပိုင် အထက်တန်းကျောင်းတွင် ဆောင်ရွက်ရာ ခရိုင်ပညာရေးမှူး ဦးကျော်ဦး တက်ရောက် အဖွင့်အမှာ စကားပြောကြားပေးခဲ့သည်။

ထို့နောက် သရက်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဒေါ်မြင့်မြင့်ဆွေက လူငယ်စကားဝိုင်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားရာတွင် လူငယ်များ အသိပညာဗဟုသုတတိုးပွားလာပြီး စကားပြောစွမ်းရည်မြင့်မားလာစေရန်၊ ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အထကောင်းများရရှိလာစေရန်၊ ငယ်ရွယ်စဉ်မှစ၍ အစဉ်လေ့လာသင်ယူတတ်သည့် အလေ့အထကောင်းများ ရရှိလာစေရန် ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။  ထို့နောက်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်ဆွေက Moderatorအဖြစ် ဆောင်ရွက်ကာ Grade-10 နှင့် Grade-11 ကျောင်းသား/ကျောင်းသူ(၄)ဦးက ဆွေးနွေးခဲ့ရာ G-11ကျောင်းသူ မဖြိုးသဇင်က “လူငယ်နှင့်ဆိုရှယ်မီဒီယာ အကြောင်း ဆွေးနွေးရာ ဆိုရှယ်မီဒီယာ၏ ကောင်းကျိုးဆိုးကျိုးများနှင့် ဆိုရှယ်မီဒီယာသုံးစွဲရာတွင် လိုက်နာရမည့်အချက်များ ဆေးနွေးပေးခဲ့ပြီး Grade-11 ကျောင်းသား မောင်ဇင်လင်းနိုင်က “လူငယ်နှင့်စာဖတ်ခြင်းအကျိုးကျေးဇူး”ခေါင်းစဉ်ကို ဆွေးနွေးရာ လူငယ်များတိုးတက်စေရန် စာအုပ်စာပေကို ဖတ်ရှုသင့်ကြောင်းနှင့်စနစ်တကျ စာဖတ်နည်းကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ဆက်လက်ပြီး Grade-10 ကျောင်းသူ မသီရိထွန်းက “လူငယ်နှင့် မူးယစ်ဆေးဝါးခေါင်းစဉ်ဖြင့် ဆွေးနွေးရာ မူးယစ်ဆေးဝါး၏ ဆိုးကျိုးများနှင့် မူးယစ်ဆေးဝါး၏ အန္တရာယ်ကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ပူးပေါင်းဆောင်ရွက်သင့်ကြောင်း ဆွေးနွေးခဲ့ပြီး Grade-11ကျောင်းသား မောင်သန်းထိုက်အောင်က “လူငယ်နှင့်အချိန်၏တန်ဖိုး” ခေါင်းစဉ်ဖြင့်ဆွေးနွေးရာ လူငယ်များအချိန်ကို အကျိုးရှိစွာ အသုံးချပြီး ဘဝအောင်မြင်တိုးတက်ရေးအတွက် ကြိုးစားသင့် ကြောင်း ဆွေးနွေးခဲ့သည်။ အခမ်းအနားအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ပြသထားသည့် နံရံကပ်စာစောင်များအား ကြည့်ရှု့ခဲ့ကြကြောင်း သိရသည်။

ဇော်ထက်(သရက်)