စလင်းမြို့နယ် ရွာသစ်ကြီးကျေးရွာ အခြေခံပညာမူလတန်းကျောင်းဆောင်သစ် (RCC) (၁) ထပ်ကျောင်း လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကျင်းပ

စလင်း စက်တင်ဘာ ၂၂

မကွေးတိုင်းဒေသကြီး၊  မင်းဘူးခရိုင်၊  စလင်းမြို့နယ် ရွာသစ်ကြီးကျေးရွာ အခြေခံပညာဦးစီးဌာနမှ  မူလတန်းကျောင်းဆောင်သစ်  လွှဲပြောင်းပေးအပ်ခြင်း  အခမ်းအနားကို  ယမန်နေ့ နံနက် (၉) နာရီအချိန်က အခြေခံပညာမူလတန်းကျောင်း (RCC) (၁)ထပ် ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။ ရွာသစ်ကြီးကျေးရွာ အခြေခံပညာမူလတန်းကျောင်း  ကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ပွဲ  အခမ်းအနားဖွင့်ပွဲသို့  မြို့နယ်ပညာရေးမှူးကိုယ်စား  ဦးစီးအရာရှိ  ဦးကြည်လှိုင်ထွန်းနှင့် တာဝန်ရှိသူများ ကျောင်းအကျိုးတော်ဆောင်များနှင့် ကျောင်းအုပ်ဆရာကြီး ဦးအောင်ကျော်မိုးနှင့် ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျောင်းသားမိဘများ စုံညီစွာတက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ရွာသစ်ကြီးကျေးရွာ ကျောင်းဆောင်သစ်ဖွင့်ပွဲ  အခမ်းအနားကျင်းပရန် သတ်မှတ်နေရာကျောင်းရှေ့တွင် နေရာယူ၍ မင်္ဂလာအချိန်ကျရောက်သည့် နံနက်(၉)နာရီ အချိန်တွင် ဦးကြည်လှိုင်ထွန်းနှင့် တာဝန်ရှိသူများက နေရာယူ၍ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ကာ အခမ်းအနားတွင် မြို့နယ်ပညာရေးမှူးကိုယ်စား  ဦးစီးအရာရှိ ဦးကြည်လှိုင်ထွန်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ ရွာသစ်ကလေးကျေးရွာ အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူကလေးများက မင်္ဂလာပါတေးသီချင်း၊ မြန်မာ့ကျောင်းတေးသီချင်းများဖြင့် ဂုဏ်ပြုသီဆိုခဲ့သည်။ ရွာသစ်ကြီးကျေးရွာ မူလတန်းကျောင်းဆောင်သစ်ဆောက်လုပ်ရန် ပညာရေးဝန်ကြီးဌာန၏  ခွင့်ပြုရန်ပုံငွေကျပ်သန်း (၁၀၃.၇၂၀၀) ဖြင့် အကုန်အကျခံကာ၊ မြို့စလင်းကုမ္ပဏီမှ တင်ဒါအောင်မြင်၍ တာဝန်ယူဆောင်ရွက်ဆောက်လုပ်ပြီးစီးခဲ့ပြီး မြို့စလင်းကုမ္ပဏီမှ ကျောင်းဆောင်သစ်နှင့် ပတ်သက်သည့် စာရွက်စာတမ်းများကို မြို့နယ်ပညာရေးမှူး ကိုယ်စားဦးကြည်လှိုင်ထွန်းထံသို့ လွှဲပြောင်းပေးအပ်အလံများကို ပေးအပ်ခဲ့ပြီး၊ ဦးစီးအရာရှိ ဦးကြည်လှိုင်ထွန်းမှ  ကျောင်းဆောင်သစ်ကြီး ဆောက်လုပ်ပြီးစီးခဲ့ပြီး  မိမိတို့ကျေးရွာ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများနှင့်အတူ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများနှင့် ကျောင်းအကျိုးတော်ဆောင်များနှင့် ရပ်ရွာမှဝိုင်းဝန်း ထိန်းသိမ်းစောင့်ရှောက်ကြမှသာလျှင် ကျောင်းဆောင်သစ်ကြီး ရေရှည်တည်တံ့ခိုင်မြဲကာ  ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားသို့ တာဝန်ရှိသူများနှင့် ကျောင်းအုပ်ဆရာကြီးဆရာမများနှင့် ကျောင်းအကျိုးတော်ဆောင်များ စုစုပေါင်းအင်အား (၁၀၀) ခန့်တက်ရောက်ကြကြောင်း သိရသည်။

(မောင်လွင်)စလင်း