ရေဖြူ စက်တင်ဘာ ၂၂
တနင်္သာရီတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် ရေဖြူမြို့နယ် သမဝါယမဦးစီးဌာနတို့ ပူးပေါင်း၍ အသက်မွေးဝမ်းကြောင်း အထောက်အကူပြု လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းအမှတ်စဥ် (၆/၂၀၂၃)အား ရေဖြူမြို့နယ် သမဝါယမအသင်းရုံး၌ ယနေ့နံနက် ၉ နာရီခွဲက သင်တန်းဖွင့်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
ဖွင့်ပွဲအခမ်းအနားတွင် တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးမြင့်နိုင်က အဖွင့်အမှာစကား ပြောကြားရာ ဒေသခံပြည်သူလူထုများ၏ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်စေရန်၊ မိသားစုဝင်ငွေ တိုးတက်မှုများရရှိလာစေရန်နှင့် တစ်ပိုင်တစ်နိုင်လုပ်ငန်းများ ထူထောင်လာနိုင်စေရန်၊ အရည်အသွေးကောင်းမွန်စွာ ထုတ်လုပ်ပြီး သင်တန်းမှရရှိသော နည်းပညာများကို အသုံးပြု၍ အိမ်တွင်းမှုလုပ်ငန်းများထူထောင်နိုင်ရန် ကြိုးစားကြရမည်ဖြစ်ပြီး ဌာနမှလည်းလိုအပ်သောနည်းပညာများ ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါသင်တန်းတွင် ဘက်စုံသုံးဆပ်ပြာရည်၊ ရေချိုးဆပ်ပြာ၊ ရေမလိုလက်သန့်ဆေးရည်၊ ပန်းကန်ဆေးဆပ်ပြာဆီ၊ အဝတ်လျှော် ဆပ်ပြာဆီပြုလုပ်နည်း၊ လက်ဆေးဆပ်ပြာဆီပြုလုပ်နည်း၊ ဖယောင်းတိုင် (အကြည်/အနောက်) ပြုလုပ်နည်း၊ မှန်ကြည်ဆေးပြုလုပ်နည်း၊ မျက်နှာသစ်ဆပ်ပြာခဲပြုလုပ်နည်း၊ ခေါင်းလျှော်ရည်၊ ဆပ်ပြာခရင်မ်ပြုလုပ်နည်း၊ အထည်အမွှေးဆီပြုလုပ်နည်းတို့ အပါအဝင် နေ့စဥ်အသုံးပြုနေသည့် လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်နည်းတို့အပြင် လူသုံးကုန်လုပ်ငန်း ဓာတုပစ္စည်းများအကြောင်း သိရှိနိုင်ရန် အတွက်လည်း သင်ကြားဆွေးနွေးခြင်းနှင့်အတူ ဘာသာရပ်များကို စာတွေ့၊ လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် သင်တန်းနည်းပြများအဖြစ် တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရီရီလွင်နှင့် ဒုတိယဦးစီးမှူး ဒေါ်ဆုသက်ဌေးတို့မှ သင်ကြားပို့ချမည်ဖြစ်ပြီး သင်တန်းသား (၂၀)ဦး တက်ရောက်ကာ သင်တန်းကာလမှာ စက်တင်ဘာ ၂၂ ရက်နေ့မှ ၂၆ ရက်နေ့အထိ (၅)ရက်တာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ဝေယံထွန်း (ရေဖြူ)